ဂျေရုစလင်၊ ဇန်နဝါရီ ၆
ဆီးရီးယားသမ္မတ အာမက် အယ်လ်ရှာရားကို အီရန်က လုပ်ကြံသတ်ဖြတ်ဖို့ ရန်လိုတဲ့ အင်အားစုတွေနဲ့ ကြံစည် လုပ်ဆောင်နေကြောင်း အစ္စရေး စစ်တပ် သတင်းရင်းမြစ်က ဇန်နဝါရီ ၅ ရက်မှာ ပြောလိုက်ပါတယ်။
ဆီးရီးယားနဲ့အစ္စရေးကြား ရင်းနီးတဲ့ ဆက်ဆံမှု စတင်လိုက်ပြီးနောက် အခုလို သတိပေးချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အာမက် အယ်လ်ရှာရားအနေနဲ့ သူ ဦးဆောင်နေတဲ့ ဆီးရီးယားအစိုးရ တည်ငြိမ်စေဖို့နဲ့ သူ့ရဲ့ အန္တရာယ်တွေကို ကာကွယ်ဖို့ ကြိုးပမ်းနေချိန်၊ ဒေသတွင်း တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အခုလို သတိပေးချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အစ္စရေးက ဆီးရီးယားနဲ့နှစ်နိုင်ငံ နယ်စပ်မှာ အဓိက ဒိုင်းကာလို့ ပြောပြီး လုံခြုံရေးအရ နေရာယူထားပါတယ်။

အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေး ကာ့ဇ်နဲ့ ထိပ်တန်း ကာကွယ်ရေးအရာရှိတွေကြား မကြာသေးခင်က ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပြီး ဆီးရီးယားရှိ အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်တွေကိုလည်း အစ္စရေးက တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
အစ္စရေးက ဆီးရီးယား နယ်စပ်နဲ့ ဟာမွန့်တောင်မှာ ချထားတဲ့ တပ်ဖွဲ့တွေကို ပြန်မရုတ်သိမ်းဖို့ ဆုံးဖြတ်ခဲ့ ပါတယ်။
ဗင်နီဇွဲလား သမ္မတ မာဒူရိုကို အမေရိကန်က ဖမ်းဆီးထားပြီးနောက် အီရန် ထိပ်တန်း ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ ရုရှားသို့ ထွက်ပြေးဖို့ စီစဉ်ထားချိန်မှာ အစ္စရေးရဲ့ အခုလို သတိပေးချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အစ္စရေးက သူတို့ နယ်စပ်ကနေ ၁၅ ကီလိုမီတာ အကွာလောက်အထိ ဆီးရီးယား နယ်စပ်ထဲမှာ လုံခြုံရေး နယ်မြေ တည်ဆောက်ထားပါတယ်။
ဒီလို လုပ်ဆောင်တာက အကြမ်းဖက်သမားတွေ ဝင်ရောက်မလာစေရေး အကြမ်းဖက်သမားတွေအင်အား မစုဆောင်းနိုင်စေရေးအတွက် လုပ်ဆောင်တာ ဖြစ်တယ်လို့ အစ္စရေးက ပြောထားပါတယ်။
ဒီအတောအတွင်း ဆီးရီးယားရှိ အကြမ်းဖက်သမားတွေရဲ့ တည်နေရာတွေကို အစ္စရေးက လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။
အာဏာရှင်သမ္မတ ဘာရှား အယ်လ်အာဆက်ကို ဖြုတ်ချလိုက်ပြီးနောက် နိုင်ငံသစ် တည်ထောင်ဖို့ ကြိုးပမ်းနေချိန် ဆီးရီးယားအတွက် ဖိအားတွေ အများကြီး ရှိနေပါတယ်။
ဆီးရီးယားမှာ တော်လှန်ရေးကာလ လက်ကျန် လက်နက်ကိုင်အဖွဲ့တွေကို အစိုးရတပ်ဖွဲ့နဲ့ ပူးပေါင်းထားပေမယ့် အကြမ်းဖက် အုပ်စုတွေ ကျန်ရှိနေပါသေးတယ်။
ဒီလို အနေအထားကြောင့် ဆီးရီးယား နယ်စပ်မှာ အစ္စရေးတပ်တွေ ဆက်ရှိနေဖို့ လိုတယ်လို့လည်း အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက ပြောထားပါတယ်။
ဆီးရီးယား နိုင်ငံသစ် တည်ဆောက်ဖို့ ကြိုးပမ်းနေချိန်မှာ အီရန်က ကြားဝင် နှောင့်ယှက်ရင် မတည်ငြိမ်မှုတွေ ဖြစ်လာမှာကို အများက စိုးရိမ်နေပါတယ်။
အီရန်က ဒေသတွင်း အစွန်းရောက် အဖွဲ့တွေနဲ့ချိတ်ဆက်ပြီး ဆီးရီးယား သမ္မတ အသစ်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်နေပြီး ဒေသတွင်း တည်ငြိမ်မှု ပျက်ပြားအောင် လုပ်ဆောင်နေတယ်လို့ အစ္စရေး ကာကွယ်ရေးသတင်းမြစ်က ပြောဆိုထားတာ ဖြစ်ပါတယ်။
Ref:Jerusalempost

