ဘိုဂိုတာ၊ ဇန်နဝါရီ ၆

အမေရိကန်ရဲ့ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရချိန်မှာ ကိုလံဘီယာသမ္မတ ဂတ်စတာဗို ပက်ထရိုက သူ့အနေနဲ့ လက်နက်ကိုင် တိုက်ပွဲဝင်ဖို့ အဆင်သင့်ရှိတယ်လို့ ဇန်ဝါရီ ၅ ရက်မှာ ပြောလိုက်ပါတယ်။

အိမ်နီးချင်း ဗင်နီဇွဲလားကို ဝင်ရောက် တိုက်ခိုက်ပြီး သမ္မတ နီကိုလာ့စ် မာဒူရိုကို ဖမ်းဆီးခေါ်ဆောင်ပြီးတော့ ကိုလံဘီယာကို တိုက်ခိုက်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ခြိမ်းခြောက်ထားချိန်မှာ ကိုလံဘီယာ သမ္မတက အခုလိုမျိုး တုံ့ပြန်လာတာပါ။

ထရန့်ရဲ့ ပစ်မှတ်ထား စော်ကား ခြိမ်းခြောက်မှုတွေနဲ့ လနဲ့ချီ ရင်ဆိုင်နေရတဲ့ ပြောက်ကျား တပ်ဖွဲ့ဝင်ဟောင်း ပက်ထရိုက သူ့အနေနဲ့ လက်နက်တွေကို တစ်ခါပြန် မထိကိုင်ဖို့ ကျမ်းကျိန်ထားပေမယ့် မိခင် နိုင်ငံအတွက်ဆိုရင်တော့ လက်နက်ပြန်ကိုင်ရလိမ့်မယ်လို့ ပြောထားပါတယ်။

ကိုလံဘီယာရဲ့ ပထမဆုံး လက်ဝဲယိမ်း ခေါင်းဆောင် သမ္မတ ပက်ထရိုဟာ ကိုကင်းတွေ ထုတ်လုပ်ပြီး အမေရိကန်သို့ ပို့ဆောင်နေတယ်လို့ ထရန့် ပြောထားပါတယ်။

သမ္မတ ပက်ထရိုအနေနဲ့ သူ့အန္တရာယ်တွေကို စောင့်ကြည့်နေသင့်တယ်လို့ ထရန့်က ပြောကြားပြီး ကိုလံဘီယာကို တိုက်ခိုက်နိုင်ခြေရှိကြောင်း ခြိမ်းခြောက်ထားပါတယ်။

၁၉၈၉ ငြိမ်းချမ်းရေး သဘောတူညီမှုအရ လက်နက်ဖြုတ်သိမ်းခဲ့တဲ့ M-19 မြို့ပြ ပြောက်ကျား တပ်ဖွဲ့ဝင် ပက်ထရိုဟာ ထရန့် အိမ်ဖြူတော်သို့ ပြန်ရောက်လာပြီး နောက်ပိုင်း အကြိမ်ကြိမ် ခြိမ်းခြောက်ခံနေရပါတယ်။

ဗင်နီဇွဲလားကို အမေရိကန် ဝင်မတိုက်ခင် ကာရေဗီယံဒေသမှာ အမေရိကန် စစ်အင်အား ချထားမှုကို ပက်ထရိုက မကြာခဏ ပြစ်တင် ဝေဖန်ခဲ့ပါတယ်။

ကိုလံဘီယာ သမ္မတဟာ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုတွေမှာ ပါဝင်ပတ်သက်နေပြီး လူမိုက် တစ်ယောက် ဖြစ်တယ်လို့ ထရန့်က ပြောထားပေမယ့် သက်သေ အထောက်အထားကိုတော့ ဖော်ပြမထားပါဘူး။

ထရန့်က သူ့ရဲ့ စွပ်စွဲ ပြောဆိုမှုတွေနဲ့အတူ ပက်ထရိုနဲ့ သူ့ရဲ့ မိသားစုကို ဘဏ္ဍာရေးဆိုင်ရာ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပြုလုပ်ထားပြီး ဖြစ်ပါတယ်။

ဝါရှင်တန်က ကိုလံဘီယာကို အမေရိကန် မူးယစ်ဆေး တိုက်ဖျက်ရေး မဟာမိတ်အဖြစ် အသိအမှတ်ပြုထားတဲ့ နိုင်ငံများ စာရင်းကလည်း ဖယ်ရှားထားပါတယ်။

လုံလောက်တဲ့ စုံစမ်း ထောက်လှမ်းမှု မရှိဘဲ တိုက်ခိုက်လာရင် အပြစ်မဲ့သူတွေက လက်နက်စွဲကိုင် တိုက်ပွဲဝင်ကြမှာ ဖြစ်တယ်လို့ သမ္မတ ပက်ထရိုက ပြောပါတယ်။

ထရန့်က ဗင်နီဇွဲလားသမ္မတ မာဒူရိုကို ဖမ်းဆီးပြီးနောက် မူးယစ်ဆေးဝါး ထွက်ရှိရာ ပင်မ နေရာတွေ ဖြစ်တဲ့ မက္ကစီကိုနဲ့ ကိုလံဘီယာကို တိုက်ခိုက်နိုင်ခြေရှိကြောင်း ပြောဆိုထားပါတယ်။

ကိုလံဘီယာရဲ့ အခုနှစ် ရွေးကောက်ပွဲတွေမှာ အနိုင်ရမယ်လို့ မျှော်လင့်ရတဲ့ လက်ယာယိမ်း အတိုက်အခံ အုပ်စုနဲ့ ထရန့် အစိုးရကြား နီးကပ်တဲ့ ဆက်ဆံရေး ရှိနေပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.