ဝါရှင်တန်၊ ဒီဇင်ဘာ ၃၀

အီရန်နိုင်ငံ ထပ်မံ တိုက်ခိုက်ခံရနိုင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က သတိပေးပြီး ဂါဇာမှာ ဟားမာ့စ်အဖွဲ့ လက်နက် ဖြုတ်သိမ်းဖို့ ပျက်ကွက်ရင် ငရဲကျသလို ပေးဆပ်ရလိမ့်မယ်လို့ ပြောလိုက်ပါတယ်။

ဂါဇာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ဒုတိယအဆင့်နဲ့ပတ်သက်လို့ ဒီဇင်ဘာ ၂၉ ရက်မှာ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကို လက်ခံ တွေ့ဆုံပြီးနောက် ထရန့်က အခုလိုမျိုး သတိပေးတာ ဖြစ်ပါတယ်။

တီဟီရန်အနေနဲ့ သူတို့ရဲ့ နျူကလီးယား စီမံကိန်း ဒါမှမဟုတ် ပဲ့ထိန်းဒုံးကျည် စီမံကိန်းကို ပြန်လည် တည်ဆောက်ဖို့ ကြိုးပမ်းမှု မှန်သမျှကို ရှင်းပစ်မယ်လို့ သမ္မတ ထရန့်က ဖလော်ရီဒါပြည်နယ်မှာ ဝန်ကြီးချုပ် နေတန်ညာဟုနဲ့အတူ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အခုနှစ် စောစောပိုင်းက အီရန်ကို အစ္စရေးက တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန်ကလည်း ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။

ဂါဇာ အပစ်ရပ် သဘောတူညီမှု ဒုတိယအဆင့် ဖြစ်ပေါ်လာစေရေး ကြိုးပမ်းရာမှာ နေတန်ညာဟုနဲ့ တင်းမာမှုတွေ ရှိနေတယ်ဆိုတဲ့ ပြောဆိုမှုတွေကို ထရန့်က ပယ်ချထားပါတယ်။

ဟားမာ့စ်အဖွဲ့အနေနဲ့ သူတို့ သဘောတူထားတဲ့အတိုင်း လက်နက် မဖြုတ်သိမ်းဘူးဆိုရင် ငရဲကျသလို ပေးဆပ်ရမှာ ဖြစ်ကြောင်းနဲ့ အချိန်တိုအတွင်း လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ထရန့်က ဆိုပါတယ်။

ဟားမာ့စ်အဖွဲ့ကတော့ သူတို့ရဲ့ လက်နက်တွေကို စွန့်လွှတ်သွားမှာ မဟုတ်ကြောင်း ဒီဇင်ဘာ ၂၉ ရက် ကတည်းက ကြိုပြောထားပြီး ဖြစ်ပါတယ်။

အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီရဲ့ ပြောရေးဆိုခွင့်ရှိသူက မိမိတို့ နိုင်ငံကို ရန်စလာရင် ချက်ချင်း ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ ဒီဇင်ဘာ ၂၉ ရက်မှာ ပြောထားတာပါ။

နေတန်ညာဟုက ထရန့်နဲ့ ဆွေးနွေးမှု ရလဒ် အရမ်းကောင်းတယ်လို့ ပြောကြားပြီး အစ္စရေး နိုင်ငံသား မဟုတ်တဲ့ လူတစ်ယောက်ကို ပထမဆုံး ချီးမြှင့်တဲ့ဆုအဖြစ် ထရန့်ကို အစ္စရေးရဲ့ အမြင့်မားဆုံး အရပ်ဖက် ဆုချီးမြှင့်ထားကြောင်း ပြောပါတယ်။

ငြိမ်းချမ်းရေး လိုလားတဲ့ သမ္မတပါလို့ သူ့ကိုယ်သူ ပြောထားတဲ့ ထရန့်က ဂါဇာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ဒုတိယအဆင့် ရရှိဖို့ အသည်းအသန် အလိုရှိနေပါတယ်။

အဲဒီလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ နေတန်ညာဟု လုပ်ဆောင်မှု နှောင့်နှေးနိုင်တာနဲ့ပတ်သက်လို့ အိမ်ဖြူတော် အရာရှိတွေ စိုးရိမ်နေပေမယ့် ထရန့်က အစ္စရေး လုပ်ဆောင်မှာနဲ့ ပတ်သက်လို့ သူ မစိုးရိမ်ဘူးလို့ ပြောထားပါတယ်။

ဇွန်လက အစ္စရေးနဲ့ ဖြစ်ပွားခဲ့တဲ့ ၁၂ ရက် စစ်ပွဲအတွင်း တိုက်ခိုက်ခံခဲ့ရပြီးနောက် အီရန်က ပဲ့ထိန်း ဒုံးကျည် စီမံကိန်းတွေ ပြန်စနေပြီလို့ အစ္စရေး အရာရှိတွေနဲ့ မီဒီယာတွေက ဖော်ပြထားပါတယ်။

အီရန်က ပျက်စီးသွားတဲ့ နျူကလီးယား စက်ရုံတွေအတွက် နေရာ အသစ် ပြန်ရှာနေပြီး ဒုံးကျည် စီမံကိန်း ပြန်လည် စတင်ဖို့ စီစဉ်နေတာ ဖြစ်နိုင်တယ်လို့ ထရန့်က ပြောပါတယ်။

အီရန်အနေနဲ့ အဲဒီစီမံကိန်းတွေ မစတင်ဖို့ မိမိတို့ မျှော်လင့်ကြောင်းနဲ့ စတင်ခဲ့မယ်ဆိုရင်လည်း ချက်ချင်း ရှင်းလင်းပစ်မှာ ဖြစ်ကြောင်းနဲ့ နောက်ထပ် တစ်ကြိမ် အမေရိကန်က တုံ့ပြန်ရင် နောက်ဆုံးအကြိမ်ထက် ပိုမို ပြင်းထန်မှာ ဖြစ်ကြောင်း ထရန့်က ပြောပါတယ်။

အီရန်က နျူကလီးယား လက်နက်တွေ ထုတ်လုပ်ဖို့ ကြိုးပမ်းနေတယ်လို့ အမေရိကန်က စွပ်စွဲထားပေမယ့် မိမိတို့ နျူကလီးယား စီမံကိန်းဟာ ငြိမ်းချမ်းရေးအတွက် ဖြစ်တယ်လို့ တီဟီရန်က ပြောထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.