ဂျကာတာ၊ ဒီဇင်ဘာ ၂၉

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်း မန်နာဒိုမြို့ရှိ အငြိမ်းစားဝန်ထမ်း အိမ်ရာ တစ်ခုမှာ မီးလောင်မှု ဖြစ်ပွားပြီး လူ ၁၆ ဦး သေဆုံးကြောင်း ဒေသခံ အရာရှိ တစ်ဦးက ဒီဇင်ဘာ ၂၉ ရက်က ပြောပါတယ်။

ဝါဒဟာ ဒါမိုင် အငြိမ်းစား အိမ်ရာမှာ ဒီဇင်ဘာ ၂၈ ညနေပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အကြောင်းရင်းကို စုံစမ်း စစ်ဆေးနေဆဲ ဖြစ်တယ်လို့ မန်နာဒိုမြို့ ရဲမှူးကြီးအာဟမ် ဟာလစ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

Metro TV ရုပ်သဲလိုင်းက ဖော်ပြတဲ့ သတင်းမှာ အဲဒီအဆောက်အဦ မီးလောင်နေတာ မြင်တွေ့ရပြီး ဒေသခံတွေက မီးလောင်နေတဲ့ အဆောက်အဦက ထွက်ပြေးလာတဲ့ သက်ကြီးရွယ်အို တစ်ဦးကို ကူညီပေးနေတာ မြင်တွေ့ရပါတယ်။

ဒီဇင်ဘာ ၂၉ ရက်မှာတော့ အဲဒီ မီးလောင်မှု ဖြစ်ပွားတဲ့ အဆောက်အဦ နေရာမှာ အပျက်အစီးတွေ အများကြီး မြင်တွေ့ရပါတယ်။

အဲဒီ အဆောက်အဦးရဲ့ စောင့်ရှောက်ရေး တာဝန်ခံ အိုလ်ဗာ ဆူမူအယ်က နေထိုင်သူတွေဟာ အားလုံး သက်ကြီး ရွယ်အိုတွေ ဖြစ်ပြီး လူ ၃၀ လောက် နေထိုင်နေတဲ့ အဆောက်အဦ ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီ မီးလောင်ကျွမ်းမှုကို ဒီဇင်ဘာ ၂၈ ရက် ညပိုင်းမှာ ငြိမ်းသတ်နိုင်ခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။

အခုလအတွင်း အင်ဒိုနီးရှား မြို့တော် ဂျကာတာရှိ ၇ ထပ်ရုံး အဆောက်အဦ တစ်ခု မီးလောင်ကျွမ်းမှုကြောင့် လူအနည်းဆုံး ၂၂ ဦး သေဆုံးခဲ့ပါတယ်။

ဒီဇင်ဘာ ၉ ရက်က ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုပြီးနောက် မြို့တော်ရှိ အဆောက်အဦ အားလုံးအတွက် ထုတ်ပေးထားတဲ့ ကောင်းစွာ လည်ပတ်နိုင်မှုဆိုင်ရာ အသိအမှတ်ပြုချက်တွေကို ပြန်လည် စစ်ဆေးရေး မြို့တော်ဝန် ပရာမိုနို အန်နွန်က ညွှန်ကြားခဲ့ပါတယ်။

ပညာရှင်တွေကလည်း မီးဘေးအန္တရာယ် ကင်းရှင်းရေး စံချိန်စံညွှန်းတွေကို ပိုမို တင်းကြပ်ဖို့ အန္တရာယ်များတဲ့ အဆောက်အဦတွေကို စစ်ဆေးဖို့ ပညာရှင်တွေကလည်း အကြံပြုထားပါတယ်။

၂၀၂၃ ခုနှစ်ကလည်း နိုင်ငံ အရှေ့ပိုင်းရှိ နီကယ် သတ္တု ထုတ်လုပ်ရေး စက်ရုံတစ်ခုမှာ ပေါက်ကွဲမှုကြောင့် လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.