ဘန်ကောက်၊ ဒီဇင်ဘာ ၃၀
ကမ္ဘောဒီးယားက မိမိတို့ လေပိုင်နက်ထဲသို့ ဒရုန်း အစီးရေ ၂၅၀ မောင်းနှင်ဝင်ရောက်ပြီး အသစ်စက်စက် လက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ် သဘောတူညီမှုကို ချိုးဖောက်ခဲ့တယ်လို့ ထိုင်းစစ်တပ်က ဒီဇင်ဘာ ၂၉ ရက်မှာ စွပ်စွဲထားပါတယ်။
အခုလအတွင်း တကျော့ပြန် ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် လူဒါဇင်ပေါင်းများစွာ သေဆုံးပြီး စစ်ဘေးရှောင် တစ်သန်းကျော်ရှိလာခဲ့ပြီးနောက် ကမ္ဘောဒီးယားနဲ့ ထိုင်းကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ဒီဇင်ဘာ ၂၇ ရက်မှာ ရရှိခဲ့ပါတယ်။

ကမ္ဘောဒီးယားဖက်ခြမ်းက ထွက်ပေါ်လာတဲ့ ဒရုန်း အစီးရေ ၂၅၀ ဟာ ထိုင်း လေပိုက်နက်ထဲသို့ ဒီဇင်ဘာ ၂၈ ရက်ညက ဝင်ရောက်လာခဲ့တယ်လို့ ထိုင်း စစ်တပ်က ပြောပါတယ်။
ဒါက ရန်စတဲ့ အပြုအမူ ဖြစ်ပြီး သဘောတူထားတဲ့ တင်းမာမှု လျှော့ချရေး အစီအစဉ်တွေကို ချိုးဖောက်မှု ဖြစ်တယ်လို့ ထိုင်းစစ်တပ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
တကျော့ပြန် ဖြစ်ပွားတဲ့ တိုက်ပွဲတွေဟာ နှစ်နိုင်ငံစလုံးရဲ့ နယ်စပ် ပြည်နယ် အားလုံးသို့ ပျံ့နှံ့သွားပြီ ဖြစ်ပါတယ်။
နှစ်နိုင်ငံ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြပြီးနောက် အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က နှစ်နိုင်ငံ ခေါင်းဆောင်တွေကို ချီးကျူးခဲ့ပါတယ်။
တရုတ်ကလည်း ထိုင်းနဲ့ကမ္ဘောဒီးယား ခေါင်းဆောင်တွေကို ဖိတ်ခေါ်ပြီး သုံးပွင့်ဆိုင် ဆွေးနွေးခဲ့ပါတယ်။
နှစ်နိုင်ငံ လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီမှုအရ အိမ်နီးချင်းတွေအနေနဲ့ အပစ်အခတ်ရပ်ဖို့ သဘောတူပြီး ထိုင်းက ဇူလိုင်လက ဖမ်းဆီးထားတဲ့ ကမ္ဘောဒီးယား စစ်သား ၁၈ ယောက်ကို ၇၂ နာရီ အတွင်း လွှတ်ပေးရမှာ ဖြစ်ပါတယ်။

နှစ်နိုင်ငံကြား ဖြစ်ပွားခဲ့တာတွေကို ဆွေးနွေးခဲ့ပြီး စုံစမ်းစစ်ဆေးပြီး ချက်ချင်း ဖြေရှင်းကြဖို့ တရုတ်မှာ နှစ်နိုင်ငံ သဘောတူညီခဲ့ကြတယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ကမ္ဘောဒီးယားရဲ့ ဒရုန်း အစီးရေ ၂၅၀ ပျံသန်းမှုဟာ နှစ်နိုင်ငံစလုံးက တွေ့မြင်ခဲ့ရတဲ့ သေးသေးမွှားမွှား ကိစ္စ ဖြစ်တယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဂ် ဆော်ခွန်က ဆိုပါတယ်။
ထိုင်းစစ်တပ်ကတော့ ကမ္ဘောဒီးယားရဲ့ အဲဒီ လုပ်ရပ်ဟာ ရန်စမှု ဖြစ်ပြီး နယ်စပ်ရှိ ထိုင်းတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေအတွက် အန္တရာယ် ဖြစ်စေနိုင်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ ပြောပါတယ်။
ကမ္ဘောဒီးယား စစ်သား ၁၈ ဦးကို ပြန်လွှတ်ပေးရေး ပြန်စဉ်းစားဖို့ လိုကောင်းလိုအပ်မှာ ဖြစ်တယ်လို့ ထိုင်း စစ်တပ်က တုံ့ပြန်ပါတယ်။
နှစ်နိုင်ငံကြား အပစ်ရပ်ဖို့ သဘောတူထားပြီ ဖြစ်ပေမယ့် နယ်စပ်က စစ်အင်အား ချထားမှုတွေကို ပြန်လည်း သိမ်းယူဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
ကီလိုမီတာ ၈၀၀ အရှည်ရှိတဲ့ နှစ်နိုင်ငံ နယ်စပ်မှာ ကိုလိုနီခေတ်ကတည်းက သတ်မှတ်ခဲ့တဲ့ နယ်စပ် စည်းကြောင့် နှစ်နိုင်ငံကြား အခုထိ အငြင်းပွားနေကြတာ ဖြစ်ပါတယ်။
ရာစုနှစ်ပေါင်းများစွာ သက်တမ်းရှိတဲ့ ဘုရားကျောင်း အပျက်အစီးကို ကမ္ဘောဒီးယားနဲ့ ထိုင်းတို့ သူပိုင်၊ငါပိုင် ပြောဆိုနေကြတာ ဖြစ်ပါတယ်။
Ref:Agencies

