ကိဗ်၊ ဒီဇင်ဘာ ၃၀

ပြီးခဲ့တဲ့ ၁၀ လအတွင်း ယူကရိန်း စစ်ပွဲမှာ ရုရှားရဲ့ ဆုံးရှုံးရမှုတွေဟာ ၂၀၂၂ ခုနှစ်မှာ စစ်ပွဲ စတင်ပြီး နောက်ပိုင်း အမြန်ဆန်ဆုံး ဖြစ်ကြောင်း ဘီဘီစီသတင်းဌာနရဲ့ လေ့လာစိစစ်မှုက ဖော်ပြထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် အစိုးရရဲ့ ဖိအားပေးမှုနဲ့အတူ ၂၀၂၅ ခုနှစ်မှာ ငြိမ်းချမ်းရေး ရရှိဖို့ ကြိုးပမ်းတာတွေ ပိုများလာနေချိန် ရုရှား သတင်းရင်းမြစ်တွေမှာ ဖော်ပြထားတဲ့ စစ်သားတွေ အသုဘချမှုဟာ ပြီးခဲ့တဲ့ တစ်နှစ်ကထက် ၄၀ ရာခိုင်နှုန်း ပိုများလာတာ တွေ့ရပါတယ်။

ယူကရိန်းမှာ ရုရှားဖက်က ဝင်ရောက် တိုက်ခိုက်ရင်း သေဆုံးသွားတဲ့ စစ်သား ၁၆၀၀၀၀ နီးပါးရဲ့ နာမည်တွေကို ဘီဘီစီက အတည်ပြုထားပါတယ်။

ရုရှားဖက်က အမှန်တကယ် သေဆုံးသူ အရေအတွက်ဟာ အများကြီး ပိုနိုင်တယ်လို့ ယုံကြည်ရပြီး ဘီဘီစီရဲ့ လေ့လာမှု စာရင်းဟာ စုစုပေါင်း သေဆုံးမှုရဲ့ ၄၅ ရာခိုင်နှုန်းကနေ ၆၅ ရာခိုင်နှုန်းလောက်ကိုပဲ ကိုယ်စားပြုနိုင်တယ်လို့ စစ်ရေး ကျွမ်းကျင်သူတွေက ပြောပါတယ်။

သူတို့ ပြောဆိုပုံအရ တွက်ကြည့်မယ်ဆိုရင် ရုရှားရဲ့ စစ်သည်အင်အား ဆုံးရှုံးမှုဟာ ၂ သိန်းခွဲလောက်နေ ၃ သိန်းခွဲလောက်အထိ ရှိနေပြီ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်အတွင်း ရုရှား စစ်သားသေဆုံးမှုဟာ ဇန်နဝါရီလက လျော့နည်းခဲ့ပြီး ဖေဖော်ဝါရီမှာ ပိုများလာခဲ့ပါတယ်။

ရုရှား စစ်သားတွေ သေဆုံးကြောင်း တစ်ရက် ပျမ်းမျှ ဖော်ပြမှု ၃၂၂ ခုရှိပြီး ၂၀၂၄ ခုနှစ်ကထက် နှစ်ဆလောက် မြင့်တက်လာခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁ နှစ်က ရုရှားစစ်သားတွေရဲ့ သေဆုံးမှု ၁၅ ရာခိုင်နှုန်းဟာ ကိုယ့်သဘောနဲ့ကိုယ် ပါဝင် တိုက်ခိုက်သူတွေ ဖြစ်ခဲ့ပေမယ့် ၂၀၂၅ ခုနှစ်မှာတော့ သုံးယောက်မှာ တစ်ယောက်နှုန်း ဖြစ်လာခဲ့ပါတယ်။

တပ်ဖွဲ့ဝင် အသစ်တွေ မပြတ်ထွက်ပေါ်လာစေရေး လုပ်ဆောင်ဖို့ ဖိအားရှိနေတဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ငွေကြေး အများကြီး ရမယ်လို့ ကြေညာပြီး အကြွေးများသူတွေကို ပစ်မှတ်ထားနေသလို တက္ကသိုလ်တွေ ကောလိပ်တွေမှာ တပ်ထဲဝင်ဖို့ ဆွယ်နေကြပါတယ်။

ရုရှားအနေနဲ့ အခုအချိန်အထိ စစ်မှုထမ်း ခေါ်ယူမှု တစ်လကို ၃၀၀၀၀ ကျော်ရှိနေဆဲ ဖြစ်ပြီး အခုနှစ် အောက်တိုဘာလအထိ ၃၃၆၀၀၀ ကျော်ကို စစ်သားသစ်အဖြစ် စုဆောင်းထားပါတယ်။

နေတိုးအဖွဲ့ အကြီးအကဲ မက်ခ် ရူတီကတော့ နေ့တိုင်း ရုရှား စစ်သား ၂၅၀၀၀ လောက် သေဆုံးနေတယ်လို့ ပြောထားပါတယ်။

တကယ်လို့ အဲဒီလို ပြောဆိုမှုတွေ အမှန်ဖြစ်ခဲ့မယ်ဆိုရင် ရုရှားဟာ ဆုံးရှုံးသွားတဲ့ စစ်သည်အင်အားထက် အများကြီး ပိုပြီး စစ်မှုထမ်း ခေါ်ယူလို့ ရနေတယ်ဆိုတဲ့ သဘော ဖြစ်ပါတယ်။

ရုရှားမှာ တပ်ဖွဲ့ဝင် အသစ် တစ်ယောက်အနေနဲ့ တစ်နှစ်ကို ဒေါ်လာ ၁၂၈၀၀၀ လောက် ရရှိနိုင်ပါတယ်။

လက်တွေ့မှာတော့ ၂၀၂၂ ခုနှစ် စက်တင်ဘာ နောက်ပိုင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေဟာ စစ်ပွဲပြီးတဲ့အထိ အလိုအလျောက် သက်တမ်းတိုးနေတာ ဖြစ်ပါတယ်။

ရုရှားရဲ့ စုစုပေါင်း စစ်သားအင်အား ဆုံးရှုံးမှု ၁ ဒသမ ၁ သန်း ရှိပြီလို့ နေတိုးအဖွဲ့က ခန့်မှန်းထားချိန် ယူကရိန်းမှာလည်း ဆုံးရှုံးမှုတွေ အများကြီး ရှိနေပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.