ဘေဂျင်း၊ ဒီဇင်ဘာ ၃၀

ဘေဂျင်းအစိုးရအနေနဲ့ ရန်စမှုတွေနဲ့ထိုင်ဝမ်သို့ အမေရိကန်ရဲ့ လက်နက် ရောင်းချမှုတွေကို အသေအချာ ကန့်ကွက် ဆန့်ကျင်ရမှာ ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဒီဇင်ဘာ ၃၀ ရက်မှာ ပြောကြားလိုက်ပါတယ်။

အခုသီတင်းပတ်အတွင်း တရုတ်စစ်တပ်က ထိုင်ဝမ်ကျွန်းတဝိုက် နေရာ ၅ နေရာမှာ ကျည်အစစ်နဲ့ ပစ်ခတ်တဲ့ စစ်ရေး လေ့ကျင့်မှုတွေ ပြုလုပ်နေချိန်မှာ ဝန်ကြီး ဝမ်ယိက အခုလိုမျိုး ပြောကြားလာတာ ဖြစ်ပါတယ်။

ထိုင်ဝမ်အရေးကိစ္စဟာ တရုတ် ပြည်တွင်းရေး ဖြစ်ပြီး တရုတ်နိုင်ငံ အကျိုးစီးပွားတွေရဲ့ ဗဟိုချက်နေရာမှာ ရှိနေတာ ဖြစ်ကြောင်း၊ ထိုင်ဝမ် လွတ်လပ်ရေး အင်အားစုတွေ၊ ထိုင်ဝမ်သို့ အမေရိကန်ရဲ့ ကြီးကြီးမားမား လက်နက် ရောင်းချမှုတွေနဲ့ ကြုံနေရချိန်မှာ မိမိတို့အနေနဲ့ အင်အားအပြည့်နဲ့ ဆန့်ကျင် တားဆီးရမှာ ဖြစ်ကြောင်း ဝမ်ယိက ပြောပါတယ်။

ထိုင်ဝမ်ကို အမိမြေဆီ လွှဲပြောင်းပေးမှု နှစ် ၈၀ ပြည့် အထိမ်းအမှတ်လို့ သူက ပြောပြီး ပြန်လည် ပေါင်းစည်းရေးနဲ့ တရုတ်ရဲ့ အချုပ်အခြာ အာဏာ၊ နယ်နိမိတ်ဆိုင်ရာ လုံခြုံမှုရှိအောင် လုပ်ဆောင်ရမယ့် တာဝန်ဟာ ဘေဂျင်းအစိုးရ ပြီးမြောက်အောင် လုပ်ဆောင်ရမယ့် တာဝန် ဖြစ်တယ်လို့ ဝမ်ယိက ဆိုတာပါ။

ဒီမိုကရေစီစနစ်နဲ့ ကိုယ်ပိုင် အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို ဘေဂျင်းက သူတို့ ကိုယ်ပိုင်နယ်မြေ တစ်ခု အဖြစ် ရှုမြင်ထားပြီး သူတို့ အုပ်ချုပ်မှုအောက် ပြန်လည်ထားရှိရေး အင်အား အသုံးပြုမှုကို ပယ်ချမထားဘူးလို့ ပြောပါတယ်။

ထိုင်ဝမ်ကို တရုတ်က တိုက်ခိုက်ရင် မိမိတို့လည်း စစ်ရေးအရ ဝင်ပါရနိုင်တယ်လို့ ဂျပန် ဝန်ကြီးချုပ်က ပြောထားပြီး နှစ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်နေပါတယ်။

အမေရိကန်က ထိုင်ဝမ်ကို ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ တန်ဖိုးရှိ လက်နက်တွေ ရောင်းမှာ ဖြစ်ကြောင်း ကြေညာလိုက်ပြီးနောက်မှာ တရုတ်က ထိုင်ဝမ်တဝိုက် နေရာ ၅ နေရာမှာ လက်တွေ့ ပစ်ခတ်တဲ့ စစ်ရေး လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။

အမေရိကန်မှာ ထိုင်ဝမ်ကို ကိုယ့်ကိုယ်ကို ခုခံကာကွယ်နိုင်စွမ်းရှိအောင် ကူညီပေးဖို့ ဥပဒေအရ တာဝန်ရှိပြီး အဲဒီ မူဝါဒကို ဘေဂျင်းက ပြင်းပြင်းထန်ထန် ဆန့်ကျင်ထားပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.