ရေး၊ ဒီဇင်ဘာ ၂၅
မွန်ပြည်နယ် ရေးမြို့နယ်မြောက်ပိုင်း ကူးတို့ဆိပ်နဲ့နှစ်ကရင်ကျေးရွာကြားမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း ရဲဘော် နှစ်ဦး ကျဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့က အင်အား ၁၅၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို မွန်ပြည်တော်လှန်ရေးတပ် MSRF က ပျောက်ကြားစနစ်နဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် အချိန်တစ်နာရီကျော်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာပါ။
တိုက်ပွဲအတွင်း မွန်ပြည်တော်လှန်ရေးတပ် MSRF က ရဲဘော်ဖြိုးနဲ့ ရဲဘော်အမတတို့ ကျဆုံးခဲ့ပြီး စစ်ကော်မရှင်ဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် ၂၉ ဦး သေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ တိုက်ပွဲပြီးနောက် အထိနာသွားတဲ့ စစ်ကော်မရှင်တပ်ဟာ ကျေးရွာအတွင်း ဝင်ရောက်လာကာ ဒေသခံပြည်သူတွေကို ဆဲဆိုကြိမ်းမောင်းပြီး စစ်ကြောင်းပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။
မွန်ပြည်တော်လှန်ရေးတပ် MSRF ဟာ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကာကွယ်ရေးဌာန လက်အောက်ခံတပ်ဖွဲ့ တစ်ခုဖြစ်သလို နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA ရဲ့ တပ်ဖွဲ့ဝင်လည်း ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်

