ဖာပွန်၊ ဒီဇင်ဘာ ၂၆
ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲမှာ စစ်ကော်မရှင်တပ်က လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေ ဆက် တိုက်လုပ်ဆောင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူး ကြီးစောကလယ်ဒိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အခုလ ဒီဇင်ဘာလအတွင်းမှာ KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲက နေရာအများအပြားမှာ စစ်ကော်မရှင်တပ်က လေယာဉ်နဲ့ လာရောက်ပြီး ဗုံးကြဲတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာတာ ဖြစ်ပါတယ်။
လေကြောင်းတိုက်ခိုက်မှု ပိုမိုတိုးမြင့်လုပ်ဆောင်တာဟာ ဖာပွန်ဗျူဟာစခန်း တိုက်ခိုက်မခံရရေးအတွက် လေကြောင်းပစ်ကူပေးတာ ဖြစ်တယ်လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက သုံးသပ်ပါတယ်။
ဖာပွန်ဗျူဟာတပ်စခန်းကို တော်လှန်ရေးအင်အားစုတွေက ဝိုင်းရံပိတ်ဆို့ထားဆဲဖြစ်ပြီး ထိတွေ့ပစ်ခတ်မှုတွေလည်း မကြာခဏဖြစ်ပွားလျက်ရှိနေပြီး စစ်ကော်မရှင်တပ်က ဖာပွန်ဗျူဟာစခန်း မကျရေးအတွက် လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာတွေ မကြာခဏလုပ်ဆောင်နေခဲ့တာပါ။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့က ဖာပွန်မြို့နယ်ထဲက ကျေးရွာတစ်ရွာထဲကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကာ နေအိမ်နဲ့ စာသင်ကျောင်းဆောင်တွေ ပျက်စီးဆုံးရှုံးသွားခဲ့တယ်လို့ ကရင်အရပ်ဖက်အဖွဲ့ဆီကနေ သိရပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်တပ်ဟာ ကတိုင်တိဒေသမှာရှိတဲ့ တပ်စခန်းနဲ့ ဖာပွန်စစ်ဗျူဟာဆီ စစ်ကူပေးပို့နိုင်ရေးအတွက် ပြီးခဲ့တဲ့အောက်တိုဘာလကတည်းက ဖာပွန်ခရိုင်၊ ကမမောင်းမြို့ကနေ စစ် ကြောင်းထိုးလာခဲ့ရာ အခုအခါမှာ ကမမောင်းမြို့အနီးက ဝါးဒူးကျေးရွာမှာသာ ရောက်ရှိတပ်စွဲနေရာယူထားတာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU

