မော်လမြိုင် ၊ ဒီဇင်ဘာ ၂၆

စစ်ကော်မရှင် ဦးဆောင်တဲ့ အပိုင်းလိုက် အထွေထွေ‌ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းနီးကပ်လာတာနဲ့အမျှ ဝါဒဖြန့်ချီရေးယန္တရားတွေထဲက တိုက်ရိုက်ထုတ်လွှင့်မှု ချန်နယ်တွေနဲ့ အွန်လိုင်းပလက်ဖောင်းတွေ တစ်ခုပြီးတစ်ခု ဖယ်ရှားခံနေရပါတယ်။

အခုနှစ်ကုန်ပိုင်းနဲ့ နောက်နှစ်ဆန်းပိုင်းအတွင်း ကျင်းမယ့် ရွေးကောက်ပွဲအတွက် ပြည်သူတွေ မဲရုံကိုလာပြီး ဆန္ဒမဲပေးဖို့ စစ်ကော်မရှင်က နိုင်ငံပိုင် ရုပ်သံချန်နယ်တွေနဲ့ အွန်လိုင်းပလက်ဖောင်းအစုံကနေ စည်းရုံးလှုံ့ဆော်နေရတာပါ။

ဒီအခြေအနေမှာ အခုလအတွင်း အသစ်ဖွင့်လှစ်ထားတဲ့ MRTV စာမျက်နှာ နဲ့ MRTV ပို့စ်တွေကို ပြန်လည်ကူးတင်ဖြန့်ဝေတဲ့ MRN စာမျက်နှာတွေကို Facebook က ဖယ်ရှားပိတ်သိမ်းလိုက်တယ်လို့ Justice For Myanmar က အသိပေးထုတ်ပြန်ပါတယ်။

Facebook ဟာ MITV နဲ့ ရတနာပုံသတင်းစာတွေရဲ့ စာမျက်နှာတွေကို အစောပိုင်းကတည်းက ဖယ်ရှားခဲ့ပြီးဖြစ်သလို YouTube၊ Twitch နဲ့ Kick တို့ရဲ့ အရေးယူမှုတွေလည်း ရှိလာခဲ့ပြီးနောက်မှာ အသစ်ဖွင့်ထားတဲ့ MRTV နဲ့ MRN စာမျက်နှာတွေကိုပါ ထပ်မံဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။

မိခင်ကုမ္ပဏီဖြစ်တဲ့ Meta က ၂၀၂၁ ခုနှစ်ကစပြီး မြန်မာစစ်တပ်၊ စစ်အုပ်စုနဲ့ ဆက်နွယ်တဲ့ စီးပွား ရေးလုပ်ငန်းတွေနဲ့ စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေကို Facebook နဲ့ Instagram ပလက်ဖောင်းတွေပေါ်မှာ အသုံးပြုခွင့် ပိတ်ပင်ထားတဲ့ မူဝါဒကို ကျင့်သုံးနေတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာလည်း ဩစတြေးလျနည်းပညာကုမ္ပဏီ Kick က စစ်ကော်မရှင်ရဲ့ ဝါဒဖြန့် ချန်နယ်တွေကို တိုက်ရိုက်ထုတ်လွှင့်မှု စတင်ပြီး နာရီပိုင်းအတွင်းမှာပဲ ဖယ်ရှားပိတ်သိမ်းခဲ့သလို YouTube ကလည်း MITV ချန်နယ်ကို ထပ်မံဖယ်ရှားခဲ့ပါတယ်။

Kick က ဖယ်ရှားလိုက်တဲ့ စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်ချန်နယ်တွေထဲမှာ MRTV HD၊ MITV၊ MRTV News၊ MRTV Farmers၊ MRTV Sports၊ MRTV NRC နဲ့ MRTV Entertainment စတာတွေ ပါဝင်ပါတယ်။

ဒါကြောင့် လက်ရှိမှာ စစ်ကော်မရှင်အတွက် အတုအယောင်ရွေးကောက်ပွဲမတိုင်မီ နေ့ရက်တွေကို တိုက်ရိုက်ရုပ်သံလွှင့် ပလက်ဖောင်းမရှိဘဲ ထပ်မံဖြတ်သန်းရမယ်လို့ Justice For Myanmar က ဆိုပါတယ်။

စစ်ကော်မရှင်က MRTV ဝဘ်ဆိုဒ်နဲ့ အပ်ပလီကေးရှင်းတွေကနေ တိုက်ရိုက်ရုပ်သံထုတ်လွှင့်ဖို့ Kick ကို အသုံးပြုခဲ့တာဖြစ်လို့ Kick ရဲ့ အရေးယူဖယ်ရှားမှုဟာ စစ်အုပ်စုရဲ့ ဝါဒမှိုင်းတွေ၊ သတင်းမှားတွေနဲ့ အမုန်းစကားတွေ ဖြန့်ဝေနိုင်စွမ်းကို ကန့်သတ်ဖြတ်တောက်လိုက်တာပါ။

ဒီမတိုင်ခင် YouTube ကလည်း စစ်ကော်မရှင်ရဲ့ ပြန်ကြားရေးဝန်ကြီးဌာန ချန်နယ်ကို အစောပိုင်းက ဖယ်ရှားခဲ့ပြီးဖြစ်သလို Twitch နဲ့ Facebook တို့ကလည်း MITV ကို ဖယ်ရှားခဲ့ပြီး ဖြစ်ပါတယ်။

အင်္ဂလိပ်ဘာသာနဲ့ ထုတ်လွှင့်တဲ့ MITV ဟာ စစ်ကော်မရှင်ရဲ့ အာဏသိမ်းမှုနဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် နိုင်ငံရေးတရားဝင်မှုကို မဟုတ်မမှန် လုပ်ကြံရယူဖို့ ကြိုးပမ်းမှုမှာ နိုင်ငံခြားပရိသတ်တွေကို အယုံသွင်းနိုင်ဖို့ အသုံးပြုတဲ့ ဝါဒဖြန့် လက်နက်တစ်ခုလို့ Justice For Myanmar က ထောက်ပြပါတယ်။

တစ်ဘက်မှာတော့ စစ်ကော်မရှင်ဟာ အင်တာနက်ပေါ်က သတင်းတွေကို တန်ပြန်ဖို့နဲ့ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုတာတွေကို တားမြစ်အရေးယူနိုင်ဖို့ ၂၄ နာရီစောင့်ကြည့်မယ့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားတာပါ။

ဒါ့အပြင် နိုင်ငံရေးအရ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားတွေကို ကန့်သတ်ထားသလို အရေးယူမှုတွေလည်း လုပ်ဆောင်နေပါတယ်။အထူးသဖြင့် ရွေးကောက်ပွဲအကြိုကာလမှာ ပြဌာန်းထားတဲ့ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ Facebook အကောင့်ပိုင်ရှင်တွေကိုပါ ဖမ်းဆီးအမှုဖွင့်နေတာ ဖြစ်ပါတယ်။

စစ်ကော်မရှင်အနေနဲ့ အာဏာသိမ်းပြီး အစောပိုင်းကာလမှာ Facebook ရဲ့ တားမြစ်ပိတ်ပင်မှုတွေကြောင့် စစ်တပ်ရဲ့ ဝါဒဖြန့်ချီရေးသတင်းတွေကို တယ်လီဂရမ်ချန်နယ်တွေကတဆင့် ကူးပြောင်းခဲ့သလို TikTok မှာလည်း တပ်လော်ဘီတွေက ဝါဒဖြန့်ချီနေကြတာပါ။

Justice For Myanmar ကတော့ နည်းပညာကုမ္ပဏီအားလုံးအနေနဲ့ စစ်ကော်မရှင်ရဲ့ ဝါဒမှိုင်းဖြန့်အကောင့်တွေကို ဖြုတ်ချရေးနဲ့ မိမိတို့ ပလက်ဖောင်းတွေကို စစ်ကော်မရှင်က အသုံးပြုနေတာကို ပိတ်ပင်ဖို့ ဆက်လက်တောင်းဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.