မော်လမြိုင် ၊ ဒီဇင်ဘာ ၂၆
မွန်ပြည်နယ်က စီးပွားရေးလုပ်ငန်းရှင် ၂၀ နီးပါးကို အာဏာသိမ်း စစ်ကော်မရှင် လက်အောက်ခံ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန(စစစ)က ခေါ်ယူစစ်ဆေးနေတယ်လို့ လုပ်ငန်းရှင်တွေအပါဝင် စစ်ကော်မရှင်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ခေါ်ယူစစ်ဆေးမှုကို မော်လမြိုင်မြို့ရှိ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စစစ)မှာ လုပ်ဆောင်နေတာ ဖြစ်ပြီး လတ်တလော ရွှေဈေးနှုန်း မြင့်တက်လာတာအပါအဝင် အခွန်တိမ်းရှောင်မှု ရှိမရှိကအစ စစ်ဆေးမေးမြန်းနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ဆေးခံနေရသူတွေထဲမှာတော့ ရွှေလုပ်ငန်းရှင်တွေ၊ စက်သုံးဆီလုပ်ငန်းရှင်တွေ၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ၊ ကုန်ပစ္စည်းတင်သွင်းသူတွေအပြင် တခြားလုပ်ငန်းရှင်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ ခေါ်ယူစစ်ဆေးမှုမှာ အခွန်ကိစ္စအပါအဝင် တခြားကိစ္စတွေလည်း ပါဝင်သလို စစ်ဆေးနေဆဲ ဖြစ်တာကြောင့် အသေးစိတ် မသိရသေးဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“လောလောဆယ်တော့ လုပ်ငန်းရှင်တွေကို ခေါ်ယူစစ်ဆေးနေတာတော့ သိရတယ်။ အခွန်ရှောင်ထားလား ဘာလားပေါ့၊ တခြားကိစ္စတွေလည်း ပါတယ်လို့တော့ ကြားတယ်။ လုပ်ငန်းအသီးသီးက လုပ်ငန်းရှင်တွေ ပါတယ်။အခွန်မဆောင်ထားရင်တော့ အရေးယူမလား ဒါမှမဟုတ် အခွန်တွေကို တစ်လုံးတစ်ခဲတည်း ပြန်ဆောင်ခိုင်းမလားဆိုတာတော့ မသိသေးဘူး။ အခုက စစ်ဆေးမေးမြန်းနေဆဲပဲဆိုတော့ သေချာတော့ မသိသေးဘူး”လို့ ဆိုပါတယ်။
ခေါ်ယူစစ်ဆေးတဲ့နေရာမှာ ရွှေလုပ်ငန်းရှင်တွေကိုတော့ ရွှေဈေးနှုန်း မြင့်တက်နေတာအပါအဝင် ရွှေရောင်းချရာမှာ အခွန်ဆောင်မှု ရှိမရှိကို စစ်ဆေး မေးမြန်းတာ ရှိသလို တခြား လုပ်ငန်းရှင်တွေကိုတော့ လုပ်ငန်းခွန်နဲ့ ဝင်ငွေခွန်တွေ ဆောင်ထားတာ ရှိမရှိကို စစ်ဆေးနေတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
လုပ်ငန်းရှင်တွေရဲ့ ပြောဆိုချက်အရ စစ်ကော်မရှင်ဟာ လုပ်ငန်းရှင်တွေရဲ့ ဝင်ငွေထွက်ငွေ အသေး စိတ်ကအစ စစ်ဆေးတာအပြင် ထောက်ပံ့ ကူညီလှူဒါန်းမှုတွေရဲ့ စာရင်းတွေကအစ စစ်ဆေး မေး မြန်းတာ ရှိတယ်လို့ သိရပါတယ်။
တဖက်မှာ အာဏာသိမ်း စစ်ကော်မရှင် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ အခွန် မဆောင်သူတွေ များပြားနေတာကြောင့် အခွန်အပြည့်အဝ ရရှိအောင် ဝန်ကြီးဌာနတွေအနေနဲ့ ကောက်ခံပေးဖို့ ဆက်တိုက်ညွှန်ကြားနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

