ရေဖြူ၊ ဒီဇင်ဘာ ၂၅
တနင်္သာရီတိုင်း ရေဖြူမြို့နယ် ဇီးကျကျေးရွာအနီး ဘုရားကုန်းမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အဲဒီစခန်းကုန်းကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဒီဇင်ဘာ ၂၃ ရက်နေ့ မနက် ၆ နာရီလောက်မှာ စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဒီဇင်ဘာ ၂၄ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်မှာ စခန်းတစ်ခုလုံးကို သိမ်းပိုက်ရရှိခဲ့ပါတယ်။
တိုက်ပွဲပြီးနောက် နယ်မြေရှင်းလင်းစဉ် စစ်ကော်မရှင်တပ်ဖွဲ့ဝင် အလောင်း ခြောက် လောင်း တွေ့ရှိခဲ့ပြီး ခဲယမ်းတချို့နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်း တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ DNLA တပ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သားအမိ နှစ်ဦး သေဆုံးပြီး အရပ်သားပြည်သူ ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့ကလည်း ရေဖြူမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ ရေဖြူမြို့မရဲစခန်းနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းပြီးနောက် မီးရှို့ဖျက်ဆီးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

