ဘီးလင်း၊ ဒီဇင်ဘာ ၂၅
မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးကြီးကျေးရွာရှိ ခေတ္တာဘုန်းကြီးကျောင်းပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး သုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မနေ့ ဒီဇင်ဘာ ၂၄ ရက်နေ့ မနက် ၈ နာရီအချိန်လောက်မှာ KNU သထုံခရိုင်အုပ်ချုပ်နယ်မြေဖြစ်တဲ့ အလူးကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းမှာ ဗေဒင်မေးဖို့ ရောက်ရှိနေတဲ့ ကဇိုင်းကျေးရွာနေ အသက် ၂၃ နှစ်အရွယ် မထွေး၊ အလူးလေးကျေးရွာနေ အသက် ၃၂ နှစ်အရွယ် မခိုင်သွယ်ဝင်း၊ ပိုင်ဒဝယ်ကျေးရွာနေ အသက် ၄၉ နှစ်အရွယ် ဒေါ်ချောတို့ ထိမှန်သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် အသက် ၅၀ ကျော်အရွယ် အမျိုးသမီး နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီး ကျောင်း အဆောက်အဦးတချို့ ထိမှန်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ လက်နက်ကြီး ထိမှန်သေဆုံးသွားတဲ့သူတွေထဲမှာ အသက် ၂၃ နှစ်အရွယ် မထွေးဟာ လာမယ့်ရက်ပိုင်းအတွင်း ဘွဲ့ယူဖို့ ရှိနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် ဖိုးဝသိမ်ကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ နှစ်ဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

