ကာရာကတ်စ်၊ ဒီဇင်ဘာ ၂၄

အမေရိကန်ရဲ့စစ်ရေး လှုပ်ရှားမှုတွေ ပိုများလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုကြောင့် ရုရှားက ဗင်နီဇွဲလားရှိ သံတမန်တွေရဲ့ မိသားစုတွေကို စတင်ပြီး ဘေးလွတ်ရာ ပြောင်းရွှေ့ပေးနေပြီ ဖြစ်ပါတယ်။

ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတွေက ဗင်နီဇွဲလားရှိ အခြေအနေကို မကျေမနပ်နဲ့ လေ့လာနေတယ်လို့ ဥရောပ ထောက်လှမ်းရေး အရာရှိ တစ်ဦးက ပြောပါတယ်။

ရုရှား သံတမန်တွေရဲ့ မိသားစုတွေကို ဒီဇင်ဘာ ၁၉ ရက်ကတည်းက စပြီး ဘေးလွတ်ရာ ပြောင်းရွှေ့ပေးနေတာ ဖြစ်တယ်လို့ အဲဒီ အရာရှိက ပြောပါတယ်။

ဝါရှင်တန်က စစ်ရေး လှုပ်ရှားမှုတွေ ပိုမို လုပ်ဆောင်လာနေပြီး သမ္မတ နီကိုလာ့စ် မာဒူရို အစိုးရကို ခြိမ်းခြောက်ထားပါတယ်။

မာဒူရိုအနေနဲ့ အာဏာကို လက်လွှတ်ပေးလိုက်တာက ညဏ်ကောင်းရာကျလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြောထားပါတယ်။

သံတမန် မိသားတွေကို ပြောင်းရွှေ့နေတဲ့ သတင်းကို ရုရှားက ပယ်ချပြီး ကာရာကတ်စ်မြို့ရှိ မိမိတို့ သံရုံးကို ဘေးလွတ်ရာ ပြောင်းရွှေ့နေတာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ ရုရှား သံတမန်တွေရဲ့ မိသားစု တချို့ကို ဗင်နီဇွဲလား ပြင်ပသို့ ခေါ်ထုတ်နေတာ ရှိ၊မရှိဆိုတာကိုတော့ ဖြေကြားဖို့ ငြင်းဆိုထားပါတယ်။

ဒေသတွင်း အမေရိကန်ရဲ့ စစ်ရေး လှုပ်ရှားမှုတွေ ပိုများလာနေပြီး ဗင်နီဇွဲလားက ထွက်လာတယ်ဆိုတဲ့ မူးယစ်ဆေးဝါး တင်ဆောင်လာတဲ့ သင်္ဘောတွေကို ဝါရှင်တန်က တိုက်ခိုက်နေသလို ဗင်နီဇွဲလားရဲ့ ရေနံ တင်ပို့မှုကို ပိတ်ဆို့ထားတယ်လို့ ဆိုပါတယ်။

မာဒူရိုဟာ နိုင်ငံတကာ မူးယစ်ဆေးဝါး လုပ်ငန်းကြီး တစ်ခုကို ဦးဆောင်နေတယ်လို့ ထရန့်က စွပ်စွဲပြီး သူ့အတွက် ဆုတော်ငွေ ဒေါ်လာ သန်း ၅၀ ထုတ်ထားပါတယ်။

မာဒူရိုအစိုးရအပေါ် စစ်ရေး အရရော သံတမန်နည်းလမ်းနဲ့ပါ ဖိအားပေးမှု လေးလတာကာလထဲ ဝင်ရောက်လာချိန်မှာ ထရန့်က အရှိန်မြှင့်တင်မယ်လို့ ဒီဇင်ဘာ ၂၂ ရက်က သတိပေးထားပါတယ်။

မာဒူရိုအနေနဲ့ ကြမ်းကြမ်းတမ်းတမ်း ကစားချင်ရင် မိမိတို့ကလည်း အကြမ်းဆုံး တုံ့ပြန်မှာ ဖြစ်ကြောင်း ထရန့်က ပြောပါတယ်။

ရုရှားက သူတို့ရဲ့ အဓိက မဟာမိတ် ဗင်နီဇွဲလားကို အပြည့်အဝ ထောက်ခံပြီး မာဒူရို အစိုးရနဲ့ တသားတည်း ရပ်တည်ကြောင်း ပြောထား ပါတယ်။

ကာရေဘီယံပင်လယ်မှာ လက်ရှိ ဖြစ်ပွားနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ အလွန်စိုးရိမ်ကြောင်းလည်း မော်စကိုက ပြောထားပါတယ်။

အမေရိကန်အနေနဲ့ ဗင်နီဇွဲလားမှာ စစ်ရေးအရ ကြားဝင် ဖြေရှင်းပြီးတော့ ဆိုးရွားတဲ့ အမှား မလုပ်မိစေဖို့ ရုရှားက ပြီးခဲ့တဲ့ သီတင်းပတ်က သတိပေးထားပြီး စစ်ရေးအရ ကြားဝင်ရင် အနောက်တိုင်းအတွက် ဆိုးရွားတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ကြုံလာလိမ့်မယ်လို့ ပြောထားပါတယ်။

ဗင်နီဇွဲလားရဲ့ တောင်းဆိုမှုကြောင့် ဒီဇင်ဘာ ၂၃ ရက်က ကျင်းပတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ တရုတ်နဲ့ ရုရှား နှစ်နိုင်ငံစလုံးက အမေရိကန်ရဲ့ လုပ်ရပ်ကို ဝေဖန်ပြီး တောသားလို ပြုမှု နေတယ်လို့ ရန်စနေတယ်လို့ ပြောထားပါတယ်။

အမေရိကန်ရဲ့ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ရှောင်ရှားပြီး ဗင်နီဇွဲလားက ပြည်ပသို့ ရေနံတွေ တင်ပို့နေတယ်လို့ ထရန့်က ပြောထားပြီး ရေနံတင်သင်္ဘောတွေကို တားဆီးဖို့ ကြိုးပမ်းနေပါတယ်။

အမေရိကန်က အဲဒီ ဒေသအတွင်း လေယာဉ်တင်သင်္ဘော အပါအဝင် ရေတပ် အင်အား အများဆုံး တိုးမြှင့်ချထားပြီး ဗင်နီဇွဲလားကို ဖိအားပေးနေပါတယ်။

ကာရေဘီယံမှာ လှေတွေကို တိုက်ခိုက်မှု ၂၉ ကြိမ် ပြုလုပ်ခဲ့တဲ့ အမေရိကန်ကြောင့် သေဆုံးသူ ၁၀၀ ကျော် ရှိပြီ ဖြစ်ပါတယ်။

Ref:The Telegraph

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.