ဝါရှင်တန်၊ ဒီဇင်ဘာ ၂၃
DJI နဲ့ Autel တို့လို ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ တရုတ်နိုင်ငံထုတ် ဒရုန်း အသစ်တွေ အမေရိကန် ဈေးကွက်ထဲ ဝင်ရောက်စေရေး တားဆီးမှုအနေနဲ့ အမေရိကန် ဖက်ဒရယ် ဆက်သွယ်ရေး ကော်မရှင်က နိုင်ငံခြားထုတ် ဒရုန်း အသစ်တွေကို တားမြစ်သွားမယ်လို့ ဒီဇင်ဘာ ၂၂ ရက်မှာ ပြောလိုက်ပါတယ်။
စိုက်ပျိုး မွေးမြူရေးလုပ်ငန်း၊ မြေပုံရေးဆွဲမှု၊ ဥပဒေစည်းကြပ်ရေးနဲ့ ရုပ်ရှင် ရိုက်ကူးရေးတို့မှာ တရုတ် ဒရုန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြတာကြောင့် နိုင်ငံတော် လုံခြုံရေးအတွက် စိုးရိမ်စရာ ကောင်းကြောင်း ဖော်ပြထားတဲ့ ကာကွယ်ရေးဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုလိုက်ပြီးနောက် အခုလို တားမြစ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အဲဒီ ကုမ္ပဏီ နှစ်ခုက ထုတ်လုပ်တဲ့ ဒရုန်းတွေကို လေ့လာရာမှာ နိုင်ငံတော် လုံခြုံရေး ဆိုင်ရာ စိုးရိမ်စရာတွေ တွေ့ရှိခဲ့မယ်ဆိုရင် အမေရိကန်မှာ ဒရုန်း အသစ်တွေ ရောင်းချမှု ရပ်တန့်ခိုင်းဖို့ အဲဒီဥပဒေမှာ ဖော်ပြထားပါတယ်။
ပြန်လည် စိစစ်ဖို့ နောက်ဆုံး သတ်မှတ်ရက်က ဒီဇင်ဘာ ၂၃ ရက် ဖြစ်ပြီး မကြာခင် အဲဒီတားမြစ်ချက် အသက်ဝင်လာနိုင်ပါတယ်။

အဲဒီ တရုတ်ကုမ္ပဏီ နှစ်ခုက ထုတ်လုပ်တဲ့ ဒရုန်းတွေ အပါအဝင် ပြည်ပမှာ ထုတ်လုပ်ထားတဲ့ ဒရုန်းတွေနဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို ပြန်လည် စစ်ဆေးဖို့ အမေရိကန် ဖက်ဒရယ် ဆက်သွယ်ရေး ကော်မတီက ညွှန်ကြားထားပါတယ်။
အမေရိကန်နိုင်ငံနဲ့ အမေရိကန် နိုင်ငံသားတွေ ဘေးအန္တရာယ်ကင်းရှင်းရေး အန္တရာယ် ကျရောက်လာစေနိုင်တဲ့ ဒရုန်းတွေနဲ့ ဆက်စပ် ပစ္စည်းတွေကို တားမြစ်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
အဲဒီလို အန္တရာယ် ရှိ၊မရှိဆိုတာကို ပင်တဂွန်နဲ့ အမိမြေ လုံခြုံရေးဝန်ကြီးဌာနတို့ကပဲ ဆုံးဖြတ်မှာ ဖြစ်ကြောင်း သိရပါတယ်။
ဒရုန်း အသုံးပြုမှုမှာ အမေရိကန်ဟာ တရုတ်အပေါ် မှီခိုအားကိုးမှု များနေပြီး ကိုယ်ပိုင် ဒရုန်းတွေ ထုတ်လုပ်ဖို့ ကြိုးပမ်း သင့်တယ်ဆိုတဲ့ အကြံပြုချက်တွေလည်း ထွက်ပေါ်နေပါတယ်။
အမေရိကန်ရဲ့ အခုလို ဆုံးဖြတ်ချက်ကြောင့် စိတ်ပျက်ရကြောင်း တရုတ် ဒရုန်း ကုမ္ပဏီတွေက ပြောပါတယ်။
လုံခြုံရေး အန္တရာယ်ရှိတယ်ဆိုတဲ့ ပြောဆိုမှုကလည်း အထောက်အထား ပြသနိုင်တဲ့ ပြောဆိုချက် မဟုတ်ဘူးလို့ တရုတ်ကုမ္ပဏီတွေက ပြောဆိုထားပါတယ်။
Ref:AP

