ကိဗ်၊ ဒီဇင်ဘာ ၂၃
ရုရှား လေတပ် အခြေစိုက် စခန်းတစ်ခုထဲကို မိမိတို့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်က ခိုးဝင်ပြီး စုစုပေါင်း ဒေါ်လာ သန်း ၁၀၀ တန်ဖိုးရှိတဲ့ တိုက်လေယာဉ် နှစ်စီးကို ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ယူကရိန်းက ပြောလိုက်ပါတယ်။
ရှေ့တန်း စစ်မျက်နှာနဲ့ မိုင်ရာချီ အဝေးမှာ ရှိတဲ့ အခြေစိုက်စခန်းတွေကို မိမိတို့ ဝင်ရောက် တိုက်ခိုက်နိုင်စွမ်း ရှိကြောင်းနဲ့ အရင်ကလည်း ရုရှား တိုက်လေယာဉ်တွေကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြောပါတယ်။

ယူကရိန်း အရာရှိတွေရဲ့ ပြောဆိုမှုကို အမှီအခိုကင်းကင်းနဲ့ အတည်ပြုဖို့ မဖြစ်နိုင်သေးဘူးလို့ Business Insider သတင်းမှာ ဖော်ပြထားပါတယ်။
ရုရှား လေယာဉ်တွေကို ပျက်စီးသွားအောင် ယူကရိန်းက တိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်တာကြောင့် မော်စကိုရဲ့ လေကြောင်းကနေ ကျူးကျော် တိုက်ခိုက်ရာမှာ ထိရောက်မှု အဟန့်အတား ဖြစ်အောင် လုပ်ထားနိုင်ပါတယ်။
ယူကရိန်းက တိုက်လေယာဉ်တွေကို တိုက်ခိုက်ဖျက်ဆီးနေပုံကို လေ့လာပြီးတော့ အနောက်နိုင်ငံတွေကလည်း တရုတ်နဲ့ ရုရှားတို့လို ရန်သူ စစ်တပ်တွေက အလားတူ နည်းလမ်းတွေ သုံးလာရင် တိုက်လေယာဉ်တွေကို ဘယ်လို ကာကွယ်ရမလဲ ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။

မိမိတို့ရဲ့ စစ်ဆင်ရေး တစ်ခုအတွင်း ရုရှား Su-30 တိုက်လေယာဉ် နှစ်စီးကို အသုံးပြုလို့ မရတော့အောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ ယူကရိန်း စစ်ဖက်ဆိုင်ရာ ထောက်လှမ်းရေးဌာနက ပြောပါတယ်။
ရုရှား လေယာဉ် သိုလှောင်ရုံထဲမှာ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင် တစ်ခုကိုလည်း ယူကရိန်း ထောက်လှမ်းရေးက ဖော်ပြထားပြီး လေယာဉ်မှူး အခန်းနဲ့ လေယာဉ် နံပါတ်တွေကိုလည်း မြင်တွေ့ရပါတယ်။
ရုရှား အနောက်ပိုင်း လီပက်စ်တက်စ်မြို့ရှိ လေတပ် အခြေစိုက်စခန်းထဲကို မိမိတို့ အေးဂျင့် တစ်ယောက် ခိုးဝင်ပြီး လေယာဉ်တွေကို ဖျက်ဆီး တိုက်ခိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ ယူကရိန်း စစ်ထောက်လှမ်းရေးက ပြောပါတယ်။
Su-30 တိုက်လေယာဉ်တွေဟာ ဆိုဗီယက်ဒီဇိုင်းနဲ့ ထုတ်ထားတာ ဖြစ်ပြီး အင်ဂျင် နှစ်လုံး ပါပါတယ်။
တိုက်ခိုက်မှု ဘယ်လို လုပ်ဆောင်ခဲ့သလဲ ဆိုတဲ့ အသေးစိတ်ကို ယူကရိန်း စစ်ထောက်လှမ်းရေးက ဖော်ပြထားတာ မရှိပါဘူး။
ဒီစစ်ဆင်ရေးကို သီတင်းနှစ်ပတ်ကြာ ပြင်ဆင်ခဲ့ရပြီး ရုရှား ကျူးကျော်စစ်ကို တော်လှန်နေတဲ့ အဖွဲ့နဲ့ ဆက်စပ်တဲ့ အေးဂျင့် တစ်ယောက်က လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ယူကရိန်းက ပြောပါတယ်။
ယူကရိန်း တိုက်ခိုက်တဲ့ နည်းလမ်းတွေကို ကြည့်ပြီး အနောက်နိုင်ငံတွေက သူတို့ရဲ့ လေယာဉ်တွေကို ကာကွယ်ရေးနဲ့ ပတ်သက်လို့ စိုးရိမ်နေကြပါတယ်။
Ref:Bussiness Insider

