မြန်မာရွေးကောက်ပွဲ အကြမ်းဖက် တိုက်ခိုက်မှုတွေ ထပ်မံ ဖြစ်ပွားနိုင်တယ်လို့ ဗြိတိန် သတိပေး

လန်ဒန်၊ ဒီဇင်ဘာ ၂၃

မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပွားနေတဲ့ အခြေအနေတွေအရ ရွေးကောက်ပွဲကျင်းပရင် အကြမ်းဖက် တိုက်ခိုက်မှုတွေ နောက်ထပ် ဖြစ်ပွားလာနိုင်တဲ့ အန္တရာယ်များတယ်လို့ ဗြိတိန်အစိုးရက သတိပေးလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ ပတ်သက်လို့ ဒီဇင်ဘာ ၂၂ ရက်က လုံခြုံရေးကောင်စီ သီးသန့် အစည်းအဝေး တစ်ရပ် ကျင်းပခဲ့ပြီး အာဆီယံ အထူးကိုယ်စားလှယ် အိုတမန် ဟာရှင်းနဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ပ်တို့က ရှင်းလင်း တင်ပြခဲ့ကြပါတယ်။

ဒီမိုကရေစီနည်းနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို စစ်တပ်က ဖြုတ်ချပြီးနောက် ၅ နှစ်နီးပါးအကြာ ဆက်လက် ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေကြောင့် ဗြိတိန်က များစွာ စိုးရိမ်နေဆဲ ဖြစ်ကြောင်း လန်ဒန်အစိုးရရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စစ်တပ်က အကြမ်းဖက် တိုက်ခိုက်မှုတွေ လျှော့ချပြီး အရပ်သားတွေကို လေကြောင်း တိုက်ခိုက်မှုတွေ အပါအဝင် တိုက်ခိုက်မှုတွေ ရပ်တန့်ရမယ်လို့ ဗြိတိန်အစိုးရက ပြောပါတယ်။

အရပ်သားတွေနဲ့ အရပ်ဖက် အခြေခံ အဆောက်အဦတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာတွေ ရပ်တန့်ရမယ်လို့လည်း အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။

အရပ်သား ၃၀ ကျော် သေဆုံးခဲ့တဲ့ ရခိုင်ပြည်နယ်က ဆေးရုံကို အခုလအတွင်း လေကြောင်း တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချကြောင်းလည်း ဗြိတိန်အစိုးရက ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားရေး အခြေအနေဟာလည်း ဆက်လက် ဆိုးရွားနေဆဲ ဖြစ်တယ်လို့ ဗြိတိန်က ဆိုတာပါ။

၂၀၂၆ ခုနှစ် အတွင်း မြန်မာနိုင်ငံမှာ အသက်ကယ်တင်ရေး အကူအညီ လိုအပ်သူ ၁၆ သန်းကျော် ရှိလာမယ်လို့လည်း ဗြိတိန်အစိုးရက ပြောထားပါတယ်။

ဗြိတိန်က အခု ဘဏ္ဍာရေးနှစ်အတွင်း ဒေါ်လာ သန်း ၁၀၀ ကျော် ရန်ပုံငွေ ပေးထားပေမယ့် အကူအညီပေးခွင့်ကို စစ်တပ်က တားဆီးပိတ်ပင်နေတယ်လို့ ဆိုပါတယ်။

ဘဏ္ဍာရေး အထောက်အပံ့တွေကို လာရောက် ကူညီခွင့်ပေးမှပဲ အမှန်တကယ် အကျိုးသက်ရောက်မှုတွေ ရှိလာမှာ ဖြစ်တယ်လို့ ဗြိတိန်က ပြောပါတယ်။

နောက်ဆုံးအနေနဲ့ ဗြိတိန်အစိုးရက ရှင်းရှင်းလင်းလင်း ပြောကြားလိုတာကတော့ အဓိပ္ပါယ် ပြည့်ဝတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အကြမ်းဖက် တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့ လိုအပ်ပြီး သက်ဆိုင်ရာ အစုအဖွဲ့အားလုံးကြား ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ လိုအပ်တယ်ဆိုတဲ့ သတင်းစကားပဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲတွေဟာလည်း လွတ်လပ်ပြီး မျှတလိမ့်မယ်ဆိုတဲ့ လက္ခဏာ တစ်ခုမှ မတွေ့ရကြောင်းလည်း ဗြိတိန်အစိုးရက ပြောပါတယ်။

လက်ရှိ အခြေအနေတွေအရ ရွေးကောက်ပွဲတွေ ကျင်းပတာက နောက်ထပ် အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိနေပြီး ရေရှည် တည်တံ့တဲ့ အခြေတစ်ခု ရှာဖွေဖို့ ပိုပြီး ခက်ခဲသွားစေမှာ ဖြစ်တယ်လို့ ဗြိတိန်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ပြဿနာ ပြေလည်စေရေး အာဆီယံ ပါဝင်ဆောင်ရွက်နေတဲ့ အခန်းကဏ္ဍကို ဗြိတိန်က ထောက်ခံကြောင်း ထပ်မံ ပြောပါတယ်။

ဗြိတိန်အစိုးရက မြန်မာ ပြည်သူတွေနဲ့ တသားတည်း ရပ်တည်နေကြောင်း ပြောကြားပြီး အားလုံး ပါဝင်တဲ့ ဒီမိုကရေစီ အနာဂတ်အတွက် မြန်မာ ပြည်သူတွေရဲ့ ဆန္ဒကို ထောက်ခံကြောင်း ပြောပါတယ်။

မြန်မာ ပြဿနာကို လုံခြုံရေးကောင်စီက ဆက်လက် အလေးထားစေရေးအတွက်လည်း မိမိတို့ ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း ဗြိတိန်အစိုးရက ဆိုပါတယ်။

Ref: gov.uk

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.