ဆစ္စဒနီ၊ ဒီဇင်ဘာ ၁၀
သြစတေးလျနိုင်ငံမှာ TikTok၊ Alphabet ကုမ္ပဏီရဲ့ YouTubeနဲ့ Metaကုမ္ပဏီရဲ့ Instagram နဲ့ Facebook အပါအဝင် လူမှုမီဒီယာတွေကနေ အသက် ၁၆ နှစ်အောက်အရွယ်တွေရဲ့ တားမြစ်မှု ဒီဇင်ဘာ ၁၀ ရက်က စတင် အသက်ဝင်လာပြီး အဲဒီလို တားမြစ်တဲ့ ကမ္ဘာ့ ပထမဆုံးနိုင်ငံ ဖြစ်လာပါတယ်။
နည်းပညာ ကုမ္ပဏီကြီးတွေနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လိုလားသူတွေက ပြစ်တင် ဝေဖန်ထားပေမယ့် မိဘတွေနဲ့ ကလေးသူငယ် အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ ကြိုဆိုခဲ့တဲ့ ဥပဒေအသစ်အရ အကြီးဆုံး လူမှုမီဒီယာ ၁၀ ခုအနေနဲ့ အသက် ၁၆ နှစ်အောက်အရွယ်တွေကို ဒီဇင်ဘာ ၁၀ ရက် ညသန်းခေါင်အချိန်က စတင်ပြီး မတားမြစ်ဘူးဆိုရင် ဒေါ်လာ ၃၃ သန်း ဒဏ်ရိုက်ခံရမယ်လို့ သြစတြေးလျအစိုးရက အမိန့်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ဟာ မိသားစုတွေအတွက် ဂုဏ်ယူစရာ နေ့ရက် တစ်ရက် ဖြစ်ပြီး အစဉ်အလာ ဘေးကင်းရေး စောင့်ကြပ်မှုတွေထက် ကျော်လွန်နေတဲ့ အွန်လိုင်း အန္တရာယ်တွေကို တားဆီးရေး မူဝါဒ ရေးဆွဲသူတွေက လုပ်ဆောင်နိုင်ကြောင်း သက်သေပြလိုက်တဲ့ ဥပဒေ ဖြစ်တယ်လို့ ဝန်ကြီးချုပ် အန်ထိုနီ အယ်လ်ဘာနိစ်က ပြောပါတယ်။
နည်းပညာ အသစ်တွေက အံ့သြစရာကောင်းတဲ့ အရာတွေကို လုပ်ပေးနိုင်ပေမယ့် လူသားတွေအနေနဲ့ ကိုယ့်ကံကြမ္မာကို ကိုယ်ထိန်းချုပ်နိုင်ဖို့ သေချာစေရေး မိမိတို့ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ သူက ဖြည့်စွက် ပြောပါတယ်။
အခုသီတင်းပတ် စာသင်ကျောင်းတွေမှာ ထုတ်လွှင့်ပြသသွားမယ်လို့ ပြောထားတဲ့ သတင်းစကား ဗီဒီယိုမှာ ဝန်ကြီးချုပ်က ကလေးတွေကို အားကစားလုပ်ကြဖို့ ဆရာ၊ ဆရာမတွေ ညွှန်ကြားတဲ့ အတိုင်း နေထိုင်ကြဖို့နဲ့ စာအုပ်တွေ ဖတ်ကြဖို့ အကြံပေးထားတာ တွေ့ရပါတယ်။

ကလေးတွေ မဖတ်ဘဲထားတဲ့ စာအုပ်တွေ စာအုပ်စင်တွေပေါ်မှာ ရှိနေတာ တော်တော်လေး ကြာနေပြီ ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောထားပါတယ်။
သြစတြေးလျမှာ နွေရာသီ ကျောင်းပိတ်ရက် အခုလနှောင်းပိုင်းမှာ စတင်တော့မယ့် အချိန် အခု ဥပဒေအသစ် စတင် အသက်ဝင်လာခဲ့တာ ဖြစ်ပါတယ်။
ကလေးတွေကို လူမှုမီဒီယာ အသုံးပြုခွင့် တားမြစ်သင့်သလား ဆိုတာနဲ့ ပတ်သက်လို့ နှစ်များစွာကြာအောင် အချေအတင် ဆွေးနွေးခဲ့ကြရပြီး လူမှုမီဒီယာတွေက အွန်လိုင်း အန္တရာယ် လျှော့ချရေး အစီအစဉ်တွေ အကောင်အထည်ဖော်မှု နှေးကွေးနေတာနဲ့ ပတ်သက်လို့ အစိုးရအဖွဲ့တွေ စိတ်ပျက်နေချိန်မှာ သြစတြေးလျရဲ့ အခု ဥပဒေအသစ် အသက်ဝင်လာတာ ဖြစ်ပါတယ်။
ဒိန်းမတ်ကနေ နယူးဇီလန်၊ မလေးရှားတို့အထိ နိုင်ငံအများကလည်း သြစတြေးလျရဲ့ ဥပဒေသစ်ကို စံအဖြစ် ထားရှိ လေ့လာပြီး အလားတူ တားမြစ်မှုတွေ လုပ်ဆောင်ဖို့ စီစဉ်နေကြ ပါတယ်။
သြစတြေးလျအစိုးရရဲ့ ဥပဒေအသစ်ကို လိုက်နာမှာ ဖြစ်ကြောင်း လူမှုမီဒီယာ ကုမ္ပဏီကြီးတွေက ကြေညာခဲ့ပြီးနောက် သူဌေးကြီး အီလွန်မက်စ် ပိုင်ဆိုင်တဲ့ လူမှုမီဒီယာ X က နောက်ဆုံး အနေနဲ့ သူတို့လည်း လိုက်နာမှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
လူမှုမီဒီယာ အသုံးပြုသူတွေရဲ့ အပြုအမူတွေ၊ ဆဲလ်ဖီလ် ဓာတ်ပုံတွေ၊ ဘဏ်အကောင့်နဲ့ ဆက်စပ်တဲ့ အချက်အလက်တွေ အပါအဝင် စစ်ဆေးအတည်ပြုမှုတွေကို အခြေခံပြီး အသုံးပြုသူတွေရဲ့ အသက်အရွယ်ကို ခန့်မှန်း စိစစ်သွားမှာ ဖြစ်ကြောင်း လူမှုမီဒီယာတွေက ကတိပြုထား ပါတယ်။
အသက် ၁၆ နှစ်အောက်အရွယ်တွေအတွက် ကြော်ငြာထည့်သွင်း ဖော်ပြမှုတွေကနေ ဝင်ငွေ နည်းနည်းလေးပဲ ရရှိနေတာ ဖြစ်ပေမယ့် အခုလို တားမြစ်မှုကြောင့် လူမှုမီဒီယာ သုံးစွဲမှု မျိုးဆက်ပြတ်တောက်သွားနိုင်တယ်လို့ လူမှုမီဒီယာတွေက ပြောထားပါတယ်။
အခု တားမြစ်မှု အသက်မဝင်ခင် သြစတြေးလျမှာ အသက် ၈ နှစ်နဲ့ ၁၅ နှစ်အရွယ် ၈၆ ရာခိုင်နှုန်း လူမှုမီဒီယာ အသုံးပြုကြောင်း အစိုးရက ပြောထားပါတယ်။
Ref:Reuters

