သံတောင်ကြီး၊ ဒီဇင်ဘာ ၅
ကရင်ပြည်နယ် တောင်ငူခရိုင် သံတောင်ကြီးမြို့မှာ စစ်ကော်မရှင်တပ်ရဲ့ ဘုရင့်နောင်တပ်မြို့ကနေ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU တောင်ငူခရိုင်က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့ ည ၉ နာရီခွဲအချိန်လောက်မှာ သံတောင်ကြီးမြို့ ဘုရင့်နောင်တပ်မြို့ထဲကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာ သံတောင်ကြီးမြို့ အမှတ် ၃ ရပ်ကွက်ထဲကို ၅ လုံး ကျရောက်ပေါက်ကွဲခဲ့တာပါ။
သံတောင်ကြီးမြို့ အမှတ် ၃ ရပ်ကွက်ထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် ၂ လုံး ထိမှန်ပျက်စီးခဲ့ပြီး အသက် ၂၁ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး လည်ပင်းမှာ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
တိုက်ပွဲတွေဖြစ်ပွားတာမရှိဘဲနဲ့ စစ်ကော်မရှင်တပ်က လက်နက်ကြီးတွေနဲ့ ကျေးရွာရပ်ကွက်တွေထဲကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကော်မရှင်တပ်ဟာ သံတောင်လမ်းကို မကြာခဏပိတ်ဆို့မှုကြောင့် ပြည်သူတွေ သွားလာရခက်ခဲနေပြီး လက်နက်ကြီးရန်ကိုလည်း စိုးရိမ်ကြောက်ရွံ့လျက်ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
KNU တောင်ငူခရိုင်မှာ စစ်ကော်မရှင်တပ်က ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏဆိုသလို လုပ်ဆောင်နေလျက်ရှိရာ ဒေသခံတွေရဲ့ နေအိမ်တွေ ၊ ဈေးဆိုင်ခန်းတွေ ဘုရားကျောင်းတွေအပါအဝင် ဥယျာဉ်ခြံတွေလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။
သတင်း – သံလွင်တိုင်းမ်

