မော်လမြိုင်၊ဒီဇင်ဘာ ၆

အာဏာသိမ်း စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲ မဲပေးနိုင်ဖို့ဆိုပြီး ပုဒ်မ ၅၀၅ (က) နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွတ်ပေးပြီးနောက် ပြန်လည်ဖမ်းဆီးမှုတွေ ရှိနေတယ်လို့ အမျိုးသမီးအကျဉ်းသူများအဖွဲ့ WOPP ထံက သိရပါတယ်။

စစ်ကော်မရှင်တပ်ဟာ နိုင်ငံတဝန်းရှိ အကျဉ်းထောင်အသီးသီးမှာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က)နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားအကျဉ်းသူတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်၊ ၂၇ ရက်နေ့နဲ့ ဒီဇင်ဘာ ၁ ရက်နေ့တွေမှာ လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့တာပါ။

စစ်ကော်မရှင်ဘက်က နိုင်ငံရေးအကျဉ်းသားအကျဉ်းသူတွေကို ပြန်လွတ်ပေးခဲ့ပေမယ့် အချို့နိုင်ငံရေးအကျဉ်းသားတွေကို ပုဒ်မ ၅၂ (က) ၊ ၁၇ (၁)နဲ့ ၅၀ (ည) တို့နဲ့ ပြန်လည်ဖမ်းဆီးတာတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကော်မရှင်တပ်က လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်တဲ့ နိုင်ငံရေးအကျဉ်းသူတွေထဲမှာ အကျဉ်းသူ ၃၀ နီးပါး ပြန်လည်ဖမ်းဆီးခံရတာရှိတဲ့အပြင် အချို့ နိုင်ငံရေးအကျဉ်းသားတွေပါ ပြန်လည်ဖမ်းဆီးခံရတာ ရှိတယ်လို့ အမျိုးသမီးအကျဉ်းသူများအဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေအနေနဲ့ လုံခြုံရေးကို အထူးဂရုစိုက်ကြဖို့နဲ့ ပတ်ဝန်းကျင် အခြေအနေကို အမြဲမပြတ်လေ့လာကြပြီး ပြန်လည်ဖမ်းဆီးခံရမယ့် အခြေအနေတွေကို ဂရုစိုက်နေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။

စစ်ကော်မရှင်က ကျင်းပမယ့် ရွေးကောက်ပွဲကို မျက်နှာသာရအောင် နိုင်ငံရေးအကျဉ်းသားတွေကို အတုအယောင် ပြန်လွတ်ပေးတဲ့ အခြေအနေတွေရှိပေမယ့် သံတိုင်နောက်မှာ နိုင်ငံရေးအကျဉ်းသား အကျဉ်းသူတွေ အများပြားကျန်ရှိနေတယ်လို့ ဆိုထားပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ အချက်အလက်တွေအရ စစ်ကော်မရှင်က လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်ပေးတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားအကျဉ်းသူ စုစုပေါင်း ၈၅၉ ဦးသာ ပါဝင်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.