မော်လမြိုင် ၊ ဒီဇင်ဘာ ၆
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ ဒေသအခေါ် ပျူစောထီးတွေဟာ ပြည်သူတွေအပေါ် အနိုင်ကျင့်ဗိုလ်ကျမှု တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင် လက်အောက်ခံ ပျူစောထီးတွေဟာ သူတို့ရဲ့ စစ်ဝတ်စုံ ယူနီးဖောင်း ဝတ်ပြီး ဒေသခံတွေကို လက်နက်ပြ ခြိမ်းခြောက်တာ၊ ဆဲဆိုကြိမ်းမောင်းတာအပြင် ကိုယ်ထိလက်ရောက် ရိုက်နှက်နှိပ်စက်တာတွေကို ပေါ်ပေါ်ထင်ထင် ပြုလုပ် လာတာပါ။
ဒါ့အပြင် လူငယ်တချို့ကိုလည်း မသင်္ကာလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီး ငွေညှစ်တာ၊ ငွေကြေး မပေးဆောင်ပါက စစ်မှုထမ်းသင်တန်း ပို့ဆောင်တာတွေအပြင် ဒေသခံတွေကို နည်းအမျိုးမျိုး အသုံးပြုကာ အနိုင်ကျင့်လာတယ်လို့ ဆိုကြပါတယ်။
မွန်ဒေသခံ တစ်ဦးကတော့ စစ်ကော်မရှင် ပျူစောထီးအဖွဲ့ဝင်တွေဟာ အရင်က ရပ်ကွက်တွေအတွင်း လူရာမဝင်တဲ့သူတွေ ဖြစ်ပြီး လက်ရှိ ယူနီဖောင်းဝတ်ပြီးမှ သူတို့ကို ကြည့်မိရင်တောင် ပြဿနာ ရှာလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အခု မြို့ထဲမှာ ကျွန်တော်တို့ ရပ်ကွက်မှာပဲ ပွင့်ပွင့်လင်းလင်း ပြောရင် နှိမ်ပြောတာတော့ မဟုတ်ဘူးပေါ့။ အရင်တုန်းက လူရာမဝင်ဘူး။ ဘယ်လိုမှ ကင်းမပေါက်ဘူး။ လူကြားမတိုးဘူးတဲ့ လူတွေ အခု ဒီယူနီဖောင်းဝတ်ပြီးတော့ ဘယ်လောက်ထိ ရုပ်ပျက်လည်းဆိုရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တောင်မှ သူဖြတ်လာရင် သူကို ကြည့်ရင်တောင် အပြစ်မဖြစ်ဘူး။ ဒီကောင်တွေ ဖြတ်လာလို့ ကြည့်မိရင် ဘာကြည့်လည်းကွ အရမ်းကို ဂိုဏ်းစတား ဆန်ဆန် မာဖီးယားဆန်ဆန်ပေါ့”လို့ ဆိုပါတယ်။
ဒါ့အပြင် ပျူစောထီးတွေဟာ အမြဲလိုလို အရက်သေစာ သောက်စားကာ မူးရူး နေတက်ပြီး လူငယ်အမျိုးသားတွေအပြင် အမျိုးသမီးတွေကအစ နှမသားချင်း မစာပြောဆိုတာ၊ ဆဲဆို ခြိမ်းခြောက်တာတွေအပြင် ရမ်းကားချင်သလို ရမ်းကား နေကြတယ်လို့ သူက ဆက်ပြောပါတယ်။
မွန်ဒေသခံ နောက်တစ်ဦးကလည်း ပျူစောထီးအဖွဲ့ဝင်တွေဟာ အုပ်စုလိုက် ပြဿနာရှာ မိုက်တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကလည်း လူငယ် တစ်ဦးကို အာဏာပါဝါပြ ဖမ်းဆီးရိုက်နှက်တာကြောင့် ဆေးရုံတင်ထားရတဲ့ ဖြစ်စဉ်တွေ ရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“သူတို့ ပြဿနာ ရှာမယ်။ ရှာပြီးသွားရင် သူတို့က တစ်ယောက်ချင်း မိုက်တာ မဟုတ်ဘူး။သူတို့ ဒီမှာ ဖြစ်ပြီးဆိုရင် သူတို့က ဖုန်းဆက် ခေါ်မယ်။ ဟိုကနေ ကားကြီးကားငယ်နဲ့ အုပ်လိုက် ဆင်းလာမယ်။ ထုထောင်းမယ်။ မနေ့ တစ်နေ့ကလည်း ပွဲမှာ ကောင်လေးတစ်ယောက် ဘာမှမဆိုင်ဘူး။ ဂလုတ် ဂလုတ်ဝိုင်းမှာ မတ်တက်ထလို့ တိုက်မိသွားတယ်။မသကာ တောင်းပန်လိုက်ရင် ကျေနပ်လိုက်ရမယ်လေ။ ဒါပေမယ့် သူတို့ ယူနီဖောင်းဝတ်ထား ပြီးတော့မှ အာဏာပါဝါ ပြပြီးတော့ ဖမ်းထိုးတယ်။ ရိုက်တယ်။ အဲဒီကောင်လေးတောင်မှ နံရိုး ကျိုးသွားတယ်။ အခု ဆေးရုံ တင်ထားရတယ်”လို့ ဆိုပါတယ်။
ဒေသတွင်းမှာတော့ စစ်ကော်မရှင်ဟာ အာဏာသိမ်းပြီးနောက် လုံခြုံရေး အကြောင်းပြချက်နဲ့ ပြည်သူ့စစ် ဒေသအခေါ် ပျူစောထီးတွေကို အရင်ကထက် အင်းအား အများအပြား စုဆောင်းကာ အသုံးပြုနေတာ ဖြစ်ပါတယ်။
လက်ရှိ ပျူစောထီးတွေဟာ စစ်ကော်မရှင် လက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းကာ အင်အားပြ လှည့်လည်တာ၊ ပိတ်ဆို့ ရှာဖွေ စစ်ဆေးတာ၊ ဧည့်စာရင်း စစ်တာတွေအပြင် တရားမဝင် လောင်း ကစားဝိုင်းတွေမှာ လုံခြုံရေးယူတာကအစ လုပ်ဆောင်နေတာပါ။
မွန်ပြည်နယ်မှာတော့ စစ်ကော်မရှင်က လုံခြုံရေး အကြောင်းပြချက်နဲ့ ပျူစောထီးအဖွဲ့တွေ အများအပြား ဖွဲ့စည်း ထားပေမယ့် မကြာခဏ ခိုးဆိုးလုယက်မှုတွေ၊ ပစ်ခတ်သတ်ဖြတ်မှုတွေအပြင် လက်နက်ကိုင် ဓားပြတိုက်မှုတွေက ဖြစ်ပေါ် နေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

