သရက်ချောင်း၊ နိုဝင်ဘာ ၂၁
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ်လမ်းပိုင်းမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ခရီးသွားကား ထောင်နဲ့ချီ ပိတ်မိနေပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ခရီးသွားတွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့ကစလို့ သရက်ချောင်းမြို့နယ်ထဲကို စစ်ကော်မရှင်တပ် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

နှစ်ဖက်တိုက်ပွဲတွေကြောင့် ပုလောမြို့နယ်နဲ့သရက်ချောင်းမြို့နယ်အကြားက ပြင်းဖြူကြီး၊ ချောက်ချောင်း၊စုံစင်ဖျား၊ဝင်းဝ၊မင်းဒပ်၊ရငဲ၊ဘုတ်တောင်နဲ့ဆင်ထိုးကြီးရွာအထိ ခရီးသွားကားအစီးရေ တစ်ထောင်နီးပါး ပိတ်မိနေပါတယ်။

လမ်းပိတ်နေတာကြောင့် ခရီးသွားတွေမှာ လမ်းစရိတ်ပြတ်လပ်တာ၊ အစားအသောက်နဲ့ရေအခက်ခဲတွေဖြစ်ပေါ်နေသလို ကုန်တင်ယာဉ်ပေါ်က ပုတ်ကုန်ပစ္စည်းတွေမှာလည်း ပျက်စီးလာလို့ ပစ်ချရတဲ့ အခြေအနေနဲ့ကြုံတွေ့နေရပါတယ်။
ဒါ့အပြင် အရေးပေါ်လူနာတင်ယာဉ်တွေလည်း ဖြတ်သန်းခွင့်မပေးတာကြောင့် ထားဝယ်ကို ဆေးကုသွားမယ့်သူတွေ ရေလမ်းကနေ သွားလာနေကြရလို့ ဒုက္ခကြုံနေရတာပါ။
သရက်ချောင်းမြို့နယ် တိုက်ပွဲကြောင့် ဒေသခံ သောင်းနဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေထံကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

