မော်လမြိုင်၊ နိုဝင်ဘာ ၂၁

စစ်ကော်မရှင် ပြုလုပ်မယ့် လွတ်လပ်မှုမရှိ တရားမျှတမှုမရှိ နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်မပြုတဲ့ အတုအယောင်ရွေးကောက်ပွဲကို ကော်သူးလေနဲ့ မြန်မာတပြည်လုံးရှိ တိုင်းရင်းသားပြည်သူလူထုအားလုံး ကန့်ကွက်ဆန့်ကျင်ကြဖို့ KNU က ထပ်မံတိုက်တွန်းလိုက်ပါတယ်။

စစ်ကော်မရှင်က ကျင်းပမယ့် ရွေးကောက်ပွဲဟာ အတုအယောင် ရွေးကောက်ပွဲသာဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က အချက် ၅ ချက်နဲ့ ထောက်ပြတိုက်တွန်းလိုက်တာပါ။

အာဏာသိမ်း စစ်ကော်မရှင်ဟာ “ရွေးကောက်ပွဲကျင်းပဖို့ အခွင့်အာဏာမရှိ၊ ဥပဒေကြောင်းအရ တရားမဝင်၊ လွတ်လပ်မှုနဲ့တရားမျှတမှုမရှိ၊ ပြည်သူလူထုဆန္ဒမပါတဲ့အပြင် ပြည်သူလူထုသဘောနဲ့ ကိုက်ညီမှုမရှိ၊ စစ်မှန်သော နိုင်ငံရေးဖြေရှင်းချက်မဟုတ်” စတဲ့အချက်တွေကြောင့် ဒီရွေးကောက်ပွဲဟာ အတုအယောင်သာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

စစ်အုပ်စု ဦးဆောင်တဲ့ စစ်ကော်မရှင်တပ်ဟာ လက်နက်အားကိုးနဲ့ အတင်းအဓမ္မ နိုင်ငံအာဏာကို လုယူခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစပြီး အရပ်သားပြည်သူတွေကို မတရားဖမ်းဆီးတာ၊ သတ်ဖြတ်တာအပြင် လေကြောင်းကနေ ဘာသာရေးအဆောက်အအုံနဲ့ စာသင်ကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ KNU က ဆိုပါတယ်။

ဒါအပြင် စစ်အာဏာရှင်တွေ ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ဆန့်ကျင်ကာ သမ္မတတွေကို ဖမ်းဆီးထားပြီး ရာဇဝတ်မှု မျိုးစုံကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေသူတွေ ဖြစ်တာကြောင့် ရွေးကောက်ပွဲကို ပြည်သူတွေအနေနဲ့ မဲမပေးခြင်းဖြင့် ဆန့်ကျင်ကြဖို့ KNU က တိုက်တွန်းပါတယ်။

အာဏာရှင် အရင်းအမြစ်ဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆက်လက်အသက်သွင်းဖို့အတွက် ပြည်သူလူထုတရပ်လုံး လက်မခံတဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမှုကို ချုပ်ငြိမ်းဖို့အတွက် “အဆိပ်ပင်ရေလောင်းသည့် သမိုင်းတရားခံ” မဖြစ်ဖို့ ပြည်သူတွေအနေနဲ့ ရရာနည်းဖြင့် ရှောင်ရှားကြဖို့ KNU က တိုက်တွန်းထားပါတယ်။

အာဏာသိမ်း စစ်ကော်မရှင်ကတော့ သူတို့ ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း သဘောထားကြေညာချက် ထုတ်ပြန်ခဲ့တဲ့အတွက် KNU ဥက္ကဋ္ဌအပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေကို ရွေးကောက်ပွဲ ဥပဒေနဲ့ သက်ဆိုင်ရာ ရဲစခန်းတွေမှာ အမှုဖွင့်အရေးယူထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – DDMSC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.