မော်လမြိုင် ၊ နိုဝင်ဘာ ၂၂
စစ်ကော်မရှင် ကျင်းပမယ့် အပိုင်းလိုက်ရွေးကောက်ပွဲမှာ မွန်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်အသီးသီးမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် မွန်ညီညွတ်ရေးပါတီ MUP က နိုဝင်ဘာ ၂၀ ရက်နေ့မှာ ပါတီရဲ့ ရွေး ကောက်ပွဲကြေညာစာတမ်းအကျဉ်းကို ထုတ်ပြန်ပါတယ်။
ကြေညာစာတမ်းမှာ ပါတီရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ တစ်နိုင်ငံလုံး လွှမ်းခြုံတဲ့ ငြိမ်းချမ်းရေး တည် ဆောက်နိုင်မှုနဲ့အတူ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်တို့နဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်မယ့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်သွားနိုင်ရေးပါ။
လုပ်ငန်းစဉ်တွေအနေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ စွမ်းအင်ဖွံ့ဖြိုးရေး၊ တိုင်းရင်းသားအရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အမျိုးသမီးအရေး၊ မူးယစ်ဆေးဝါး အသိပညာပေးရေး၊ လူငယ်အရေး၊ နိုင်ငံတကာဆက်ဆံရေးနဲ့ ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်တွေမှာ တက်ကြွစွာ ပါဝင်ရေး စတဲ့ အချက် ၂၅ ချက်ကို ထည့်သွင်းထားပါတယ်။
ဒါပေမယ့် လက်ရှိ တစ်နိုင်ငံလုံးက ပြည်သူတွေအပါအဝင် မွန်လူထုတွေ ရင်ဆိုင်နေရတဲ့ စစ်မှုထမ်းကိစ္စ အပါအဝင် လူမှုဘဝလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်တွေကိုတော့ လုပ်ငန်းစဉ်တွေထဲမှာ ဖော်ပြထားတာ မတွေ့ရပါဘူး။
မွန်ပြည်နယ် ဒေသခံတစ်ဦးက စစ်မှုထမ်းဥပဒေကို ပြန်လည်ဖျက်သိမ်းနိုင်ဖို့ ပါတီရဲ့ လုပ်ငန်းစဉ်တစ်ရပ်အနေနဲ့ ဦးစားပေးစေချင်သလို မူးယစ်ဆေးဝါး ပပျောက်ရေးနဲ့ လုံခြုံရေးကိုလည်း လုပ်ငန်းစဉ်ထဲ ထည့်စေချင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“လက်ရှိ ကျွန်တော်တို့ ပြည်သူတွေ ဘာတွေ လိုအပ်ချက်ရှိလဲဆိုတော့ နံပါတ်တစ် အချက်အနေနဲ့ စစ်မှုထမ်းကိစ္စပဲ ပြောချင်တယ်။စစ်မှုထမ်းကိစ္စ သူတို့ ရေးဆွဲထားတဲ့ ဥပဒေကို ပြန်ဖျက်ပြီး ပပျောက်ဖို့ အဲဒါကို နံပါတ်တစ်အနေနဲ့ ဦးစားပေးစေချင်တယ်။ နံပါတ်နှစ်အနေနဲ့ကတော့ မူးယစ်ဆေးဝါးကိစ္စကြောင့် ဒီဘက်ခြမ်းမှာဆိုလို့ရှိရင် ဆိုးဆိုးဝါးဝါး ဖြစ်နေတာပေါ့။ဖြစ်နိုင်ရင်တော့ ပ ပျောက်ရေးဆိုတဲ့ နာမည်နဲ့အညီ ပေးလုပ်စေချင်တယ်။အဓိက အချက်နှစ်ချက်ပေါ့။ နောက်ပြီး နံပါတ်သုံး အချက်အနေနဲ့ လုံခြုံရေးပေါ့၊ လုံခြုံရေးအပိုင်းကျတော့ ပေးထည့်စေချင်တယ်”လို့ ဆိုပါတယ်။
ပြည်တွင်းစစ်ဖြစ်ပွားနေချိန်မှာ အသက်ပြည့်ပြီးသူ နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့် ဥပဒေကို စစ်ကော်မရှင်က အသက်သွင်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်းရှိ လူငယ်လူရွယ်တွေဟာ အဓမ္မစစ်မှုထမ်းစုဆောင်းခံရတာတွေ ရှိလာနေတာပါ။
ညဘက် အပြင်ထွက်သွားလာရာမှာလည်း ကန့်သတ်ခံထားရသလို စစ်တပ်အဖွဲ့ဝင်တွေနဲ့ တိုးရင် စစ်မှုထမ်းအဖြစ် ဖမ်းဆီးခံရတာတွေ၊ ကျပ်သိန်းဆယ်ချီ ပြန်ရွေးရတာတွေနဲ့ ငွေညှစ်ခံရတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒါ့အပြင် ရေးမြို့နယ်မှာ ဥယျာဉ်ခြံလုပ်ကိုင်သူတွေ မြေမြှုပ်မိုင်းနင်းမိတာတွေအပါအဝင် ခြံကိုမရောက်ဘဲ လမ်းခုလတ်မှာ သတ်ဖြတ်ခံရတာတွေနဲ့ အစပျောက်ခံရတာတွေ ရှိနေတာကြောင့် မလုံခြုံဘူးလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
တစ်ဘက်မှာ မူးယစ်ဆေးဝါးနဲ့ လောင်းကစားကြောင့် ခိုးဆိုးလုနှိုက်မှုတွေ ဓားပြတိုက်မှုတွေလည်း မွန်ပြည်နယ်အနှံ့ ဖြစ်ပွားနေပြီး အကျိုးဆက်အနေနဲ့ လူသေဆုံးတဲ့ ဖြစ်စဉ်တွေလည်း ရှိနေတာပါ။
အခုလို မွန်ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကြေ ညာစာတမ်းမှာ ဦးစားပေး လုပ်ငန်းစဉ်အဖြစ် ဖြေရှင်းဆောင်ရွက်ဖို့ ထည့်သွင်းထားခြင်း မရှိတဲ့အပေါ် သံလွင်တိုင်းမ်အနေနဲ့ မွန်ညီညွတ်ရေးပါတီရဲ့ ပြောခွင့်ရသူထံ မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။
နောက်ထပ် မွန်ဒေသခံတစ်ဦးကတော့ မွန်ညီညွတ်ရေးပါတီအနေနဲ့ ရွေးကောက်ပွဲမှာ အကန့်အ သတ်နဲ့သာ ဝင်ပြိုင်ရတာဖြစ်လို့ အစိုးရဖွဲ့နိုင်တဲ့ ပါတီမဟုတ်တဲ့အတွက် ကြီးမားတဲ့ အပြောင်းအလဲကို မျှော်လင့်လို့ မရဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အဓိက MUP ပါတီအနေနဲ့က ကျွန်တော်တို့ မျှော်မှန်းထားသလိုတော့ ဖြစ်လာမှာ မဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ ရွေးကောက်ပွဲမှာလည်း အကန့်အသတ်နဲ့ပဲ ရွေးကောက်ပွဲဝင်ရသလို အစိုးရဖွဲ့နိုင်တဲ့ ပါတီမဟုတ်တဲ့အတွက် ကြီးမားတဲ့ အပြောင်းအလဲကို အဆိုတင်သွင်းရင်တောင်မှဗျာ နိုင်မယ်လို့တော့ ကျွန်တော် မထင်ဘူး။ဒါပေမယ့် ကျွန်တော်တို့ ဒေသခံ ဒေသသား စစ်စစ်တွေရဲ့ အသံကိုတော့ လွှတ်တော်ထဲမှာ ကြားရမယ်လို့တော့ မျှော်လင့်တယ်။ ဒါပေမယ့် စစ်မှုထမ်း ဥပဒေလိုမျိုး ပယ်ဖျက်ဖို့ ကိစ္စကျတော့ ဒါက သူတို့အနေနဲ့ အဆိုတင်သွင်းလည်း အောင်မြင်နိုင်တာ မဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့ လက်ရှိမှာ အစိုးရဖွဲ့နိုင်တဲ့ ပါတီမဟုတ်တဲ့အတွက် စစ်မှုထမ်းကိစ္စလိုမျိုး ကြီးမားတဲ့ မျှော်လင့်ချက်တော့ ထားလို့ မရဘူး”လို့ ဆိုပါတယ်။
မွန်ညီညွတ်ရေးပါတီဟာ အရင်က ပြည်ထောင်စုတဝန်း စည်းရုံးတဲ့ မွန်လူမျိုးကိုယ်စားပြု နိုင်ငံသားရေးပါတီတစ်ခုဖြစ်ခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကော်မရှင်ပြဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကြောင့် မွန်ပြည်နယ်အတွင်းမှာသာ စည်းရုံးတဲ့ ပါတီအဖြစ် မှတ်ပုံတင်ခဲ့ရပါတယ်။
ဒါကြောင့် လာမယ့် အထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်အပါအဝင် မဲအများဆုံးရသူ အနိုင်ယူစနစ် FPTP နဲ့ အချိုးကျကိုယ်စားပြုစနစ် PR တို့ကို ပေါင်းစပ်ကျင့်သုံးတဲ့ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်တို့မှာ ကိုယ်စားလှယ်လောင်း ၃၈ ဦး ဝင်ပြိုင်ဖို့ စာရင်းသွင်းထားပါတယ်။
ပါတီအနေနဲ့ မွန်ပြည်နယ်ရှိ မဲဆန္ဒရှင်ပြည်သူတွေနဲ့တကွ ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားပြည်သူလူထုရဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခက်အခဲတွေကို ဖြေရှင်းပေးနိုင်ပြီး ပြည်သူလူထုက ယုံကြည်အားကိုးရတဲ့ ခိုင်မာတဲ့ နိုင်ငံရေးပါတီတစ်ရပ်အဖြစ် ရပ်တည်သွားဖို့ ရည်ရွယ်ထားတာပါ။
နိုင်ငံရေးနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကြေညာစာတမ်းပါ လုပ်ငန်းစဉ်တွေထဲမှာ ဖက်ဒရယ်အခြေခံမူတွေနဲ့ ကိုက်ညီမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲရေး အပါအဝင် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွေ ဖော်ဆောင်သွားနိုင်ဖို့ တွန်းအားပေးမယ်လို့ ဖော်ပြပါတယ်။
လေ့လာသူတွေကတော့ ရွေးကောက်ပွဲအလွန် နိုင်ငံရေးအပြောင်းအလဲတွေကို အများကြီး မျှော်လင့်လို့ မရဘဲ နိုင်ငံတကာရဲ့ အမြင်သဘောထားတွေ တစ်စုံတစ်ရာ ပြောင်းလဲခဲ့ရင် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိစ္စတွေမှာ အရွေ့တစ်ခုဖြစ်လာမယ်လို့ သုံးသပ်တာလည်း ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MUP

