မြဝတီ၊ နိုဝင်ဘာ ၂၂
ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုမြို့မှာ ကျားဖြန့်လုပ်ကိုင်နေတဲ့ တရုတ်သူဌေးတွေ မနေနိုင်တော့သလို အဲဒီကျားဖြန့် တရုတ်သူဌေးတွေကိုလည်း ကရင်နယ်ခြားစောင့်တပ် BGF က ရွှေ့ ပြောင်းပေးထားတာတွေ လုံးဝမရှိဘူးလို့ BGF ပြောခွင့်ရ ဗိုလ်မှူးကြီးနိုင်မောင်ဇော်က ငြင်းဆိုလိုက်ပါတယ်။
ရွှေကုက္ကိုမြို့မှာ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှု လုပ်ငန်းတွေကို မနှိမ်နင်းခင်က ကျားဖြန့်လုပ်ကိုင်နေတဲ့ တရုတ်သူဌေးတွေကို BGF က ကြိုတင်ပြီး ရွှေ့ပြောင်းပေးနေတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ BGF ပြောခွင့်ရ ဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြန်လည်ငြင်းဆိုလိုက်တာပါ။
ဗိုလ်မှူးကြီးနိုင်မောင်ဇော်က ကျားဖြန့်တရုတ်သူဌေးတွေကို BGF က ရွှေ့ပြောင်းပေးတာ မရှိသလို အခုလို ပြောဆိုမှုတွေဟာ စွပ်စွဲမှုသာဖြစ်ကြောင်းနဲ့ တရုတ်သူဌေးတွေအနေနဲ့ ပြဿနာတွေ ရှုပ် ထွေးတဲ့နေရာမှာ နေကြမှာမဟုတ်ဘူးလို့ ပြောပါတယ်။
စစ်ကော်မရှင်တပ်ဟာ ထိုင်းမြန်မာနယ်စပ်နား မြဝတီတောင်ဘက်မှာရှိတဲ့ BGF ထိန်းချုပ်ထားတဲ့ KK Park နယ်မြေကို ပြီးခဲ့တဲ့အောက်တိုဘာလကစပြီး ဝင်ရောက်စီးနင်းပြီး ဗုံးဖောက်ခွဲဖျက်ဆီးပစ်ခဲ့သလို ရွှေကုက္ကိုမြို့ကိုလည်း နိုဝင်ဘာ ၁၈ ရက်နေ့က စတင်ကာ BGF နဲ့ပူးပေါင်းပြီး ဝင်ရောက်ရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်နေတာပါ။
အခုလို KK Park နယ်မြေနဲ့ ရွှေကုက္ကိုမြို့က ကျားဖြန့်လုပ်ကိုင်တဲ့နေရာတွေကို စစ်တပ်နဲ့ BGF ပူးပေါင်းပြီး ဝင်ရောက်မစီးနင်းခင် ကျားဖြန့်လုပ်ကိုင်နေတဲ့ အရေးကြီးတဲ့ တရုတ်သူဌေးတွေကို BGF က မြဝတီမြောက်ဘက်က သေ့ကတေကျေးရွာလို စတဲ့ အခြားနေရာဒေသတွေဆီ ကြိုတင်ရွှေ့ပြောင်းပေးနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောဆိုထားပါတယ်။
BGF ပြောခွင့်ရ ဗိုလ်မှူးကြီးနိုင်မောင်ဇော်ကတော့ ကရင်နယ်ခြားစောင့်တပ် BGF ဟာ ကျားဖြန့် အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းငွေလိမ်မှုလုပ်ငန်းတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်မှုမရှိသလို BGF ခေါင်းဆောင် စောချစ်သူမှာလည်း ကျားဖြန့်နဲ့ပတ်သက်ပြီး အပြစ်မရှိတဲ့အတွက် ထွက် ပြေးတာတွေလည်း မရှိဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် BGF က စစ်တပ်နဲ့ ပူးပေါင်းပြီး ကျားဖြန့် အွန်လိုင်းလောင်းကစားမှု ငွေလိမ်မှုလုပ်ငန်းတွေ နှိမ်နင်းတိုက်ဖျက်မှုကို ရက်အကန့်အသတ်မရှိ လုပ်ဆောင်သွားမှာဖြစ်သလို ဒီပူးပေါင်းနှိမ်နင်းမှုဟာ နိုင်ငံတော်အကြီးအကဲ(စစ်ခေါင်းဆောင်)နဲ့ ဒုချုပ်စိုးဝင်းရဲ့ အမိန့်ညွှန်ကြားမှုနဲ့ လုပ်ဆောင်တာဖြစ်တယ်လို့လည်း ဗိုလ်မှူးကြီးနိုင်မောင်ဇော်က အသိပေးပါတယ်။
ရွှေကုက္ကိုမြို့မှာ ကျားဖြန့်နှိမ်နင်းမှု ၃ ရက်တာအတွင်း တရားမဝင် နိုင်ငံခြားသား ၁၀၁၆ ဦးကို ဖမ်းဆီးရမိပြီး ဖုန်း ကွန်ပျူတာ စတဲ့ လုပ်ငန်းသုံးပစ္စည်းအများအပြားကို စစ်ဆေးဖမ်းဆီးရမိသလို ဖမ်းမိထားတဲ့ တရားမဝင်နိုင်ငံခြားသားတွေကို လက်ရှိမှာ ရွှေကုက္ကိုမြို့မှာ ထိန်းသိမ်းထားလျက်ရှိကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

