မော်လမြိုင် ၊ နိုဝင်ဘာ ၁၆

မွန်ပြည်နယ် မော်လမြိုင်မြို့ကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်ဖို့ ရှိနေတာကြောင့် မြို့တွင်း ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းတွေ ယာယီပိတ်ခိုင်းထားတယ်လို့ အုပ်ချုပ်ရေးမှူးတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လောင်းကစားဝိုင်းတွေဟာ စစ်ကော်မရှင်ခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းရဲ့ ခွင့် ပြုချက်နဲ့ တရားဝင်သဖွယ် ဒေသတွင်းက ဘုရားပွဲတော်တွေ၊ ဆွမ်းကြီးလောင်း ပွဲတော်တွေအပြင် အကြောင်းအမျိုးမျိုးပြကာ ဇာတ်ပွဲတွေသွင်းပြီး ပြုလုပ်နေတာပါ။

စစ်ခေါင်းဆောင်ဟာ ဒီရက်ပိုင်းအတွင်း မော်လမြိုင်မြို့ကို လာရောက်ဖို့ ရှိနေတာကြောင့် လောင်းက စားဝိုင်းတွေကို စစ်ခေါင်းဆောင် မပြန်မချင်း ယာယီ ပိတ်ထားဖို့ ညွှန်ကြားထားတယ်လို့ မော်လမြိုင်မြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။

“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာဖို့ရှိတယ်လို့တော့ အထက်က ပြောတယ်။ဘယ်နေ့လာမလဲဆိုတာကတော့ သေချာတော့ မပြောထားဘူး။ သူလာမယ်ဆိုတဲ့အတွက် လုံခြုံရေးအရပေါ့နော်။ဆွမ်းကြီးလောင်းပွဲတို့ ဘာတို့ ခဏ နားထားဖို့ ပြောတယ်။ နောက်ပြီး လူကြီး လမ်းကြောင်းရှိတဲ့အတွက် လောင်းကစားဝိုင်းတွေပါ အားလုံး နားဖို့ ညွှန်ကြားထားတာ ရှိတယ်။သူပြန်သွားရင်တော့ အရင်လို ပြန်ပေးလုပ်မယ်လို့တော့ ပြောတယ်”လို့ ဆိုပါတယ်။

မော်လမြိုင်မြို့ပေါ် မှာတော့ စစ်ခေါင်းဆောင် လာရောက်မယ်ဆိုတဲ့အတွက် လုံခြုံရေး တိုးမြှင့်ထားပြီး အင်အားပြ လှည့်လည်တာ၊ လမ်းဆုံလမ်းခွတွေမှာ စစ်ကော်မရှင် တပ်သားတွေအပြင် ရဲတပ်ဖွဲ့ဝင်တွေကိုပါ ကင်းပုန်းချတာတွေ လုပ်ဆောင်ထားပါတယ်။

ဒါ့အပြင် စစ်ကော်မရှင် လက်အောက်ခံ ဌာနဆိုင်ရာ ရုံးတွေမှာလည်း ဆေးသုတ် မြက်ရှင်းတာ၊ အဓိက လာရောက်မယ့် လမ်းတွေပေါ်မှာ စည်ပင်သာယာရေးအဖွဲ့တွေက အမှိုက်ကောက် ချုံရှင်း တာတွေအပြင် လမ်းဘေး ဈေးဆိုင်နဲ့ ဆိုင်းဘုတ် အမိုးစွန်းတွေကိုပါ ဖျက်သိမ်းခိုင်းထားတာပါ။

အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ နိုဝင်ဘာ ၁၅ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့သို့ ရောက်ရှိပြီး သူရဲ့ ခရီးစဉ်ကြောင့် ကရင်နယ်ခြားစောင့်တပ် BGF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/ KNLA PC ၊ DKBA တပ်တို့ကို ဘားအံမြို့တွင်း ဝင်ရောက်ခွင့် ပိတ်ပင်ထားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.