ဘားအံ၊ နိုဝင်ဘာ ၁၆
စစ်ခေါင်းဆောင်ရဲ့ ကရင်ပြည်နယ်ခရီးစဉ်ကြောင့် ကရင်နယ်ခြားစောင့်တပ် BGF အပါအဝင် ကရင်လက် နက်ကိုင်အဖွဲ့တွေကို ဘားအံမြို့အတွင်း ဝင်ရောက်ခွင့် ပိတ်ပင်ထားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတာယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ နိုဝင်ဘာ ၁၅ ရက်နေ့ မနက်ပိုင်းက ကရင်ပြည်နယ် ဘားအံမြို့ကို လေယာဉ်နဲ့ ရောက်ရှိလာနေပြီး သူ့ရဲ့ ဘားအံခရီးစဉ်အတွင်းမှာ စစ်ကော်မရှင်တပ်ဖွဲ့တွေက မြို့တွင်းလမ်းပေါ်နဲ့ မြို့ဝင်မြို့ထွက်နေရာတွေမှာ အင်အားအများအပြားချထားကာ လုံခြုံရေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။
ဒါဟာ နှစ် ၇၀ ပြည့် ကရင်ပြည်နယ်နေ့ အခမ်းအနားအပြီး တစ်ပတ်အကြာမှာ စစ်ခေါင်းဆောင်က ကရင်ပြည်နယ် ဘားအံမြို့ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
စစ်ခေါင်းဆောင်ရဲ့ ဘားအံမြို့ခရီးစဉ်ကြောင့် နိုဝင်ဘာ ၁၄ ရက်နေ့ကစပြီး ဘားအံမြို့အဝင်အထွက် နေရာတွေက စစ်ကော်မရှင်စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေးစစ်ဆေးမှုတွေ တင်းကြပ်ထားပြီး မြို့ထဲကို လက်နက်၊ ယူနီဖောင်းနဲ့တကွ ပုံမှန်ဖြတ်သန်းသွားလာနေကြတဲ့ BGF နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PC ၊ DKBA တပ်တို့ကိုလည်း ဖြတ်သန်းခွင့်မပြုတော့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် ဘားအံမြို့ကို စစ်ခေါင်းဆောင် ရောက်မလာခင် နိုဝင်ဘာ ၁၄ ရက်နေ့ကတည်းက စစ်ကော်မရှင်အ ဖွဲ့က ဘားအံမြို့ အဝင်အထွက်နေရာတွေမှာ လိုင်စင်မဲ့မော်တော်ယာဉ်တွေကို လိုက်လံဖမ်းဆီးနေခဲ့ရာ BGF နဲ့ KNU/KNLA PC တပ်ဖွဲ့တွေရဲ့ လိုင်စင်မဲ့ယာဉ်တွေကိုပါ ဖမ်းဆီးသိမ်းဆည်းခဲ့တယ်လို့ စစ်ကော်မရှင်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
စစ်ခေါင်းဆောင်ရဲ့ ဘားအံခရီးစဉ်အတွင်းမှာ ဘားအံတောင်ကလေးစစ်ဆေးရုံ၊ ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ တပ်နယ်မိသားစုဝင်တွေကို သွားရောက်တွေ့ဆုံခဲ့ပြီး ဘားအံကနေတစ်ဆင့် မွန်ပြည်နယ် မော်လမြိုင်မြို့ဆီ လေယာဉ်နဲ့ ခရီးဆက်သွားမှာဖြစ်ပါတယ်။
ဒါကြောင့် ဘားအံ-မော်လမြိုင်လမ်းကြောင်းတစ်လျှောက်မှာ စစ်ကော်မရှင်တပ်က လုံခြုံရေးတင်းကြပ်စွာ ချထားလျက်ရှိတာကို တွေ့ရကြောင်း ဒေသခံတွေထံကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

