မော်လမြိုင် ၊ နိုဝင်ဘာ ၁၅

မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် မကြာမီ ဖွင့်လှစ်မယ့် စစ်မှုထမ်းအပတ်စဉ် ၁၉ သင် တန်းအတွက် လူငယ် ၂၀၀ ကျော် တပ်သားစုဆောင်းခံလိုက်ရတယ်လို့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

စစ်မှုထမ်း တပ်သားစုဆောင်းခံရသူတွေကို စစ်ကော်မရှင်ခန့် မွန်ပြည်နယ်အစိုးရအဖွဲ့က မနေ့ နိုဝင် ဘာ ၁၄ ရက်နေ့မှာ မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ နယ် မြေခံသင်တန်းကျောင်းမှာ သွားရောက်တွေ့ဆုံခဲ့တာပါ။

အဲဒီတွေ့ဆုံပွဲမှာ ပြည်သူ့စစ်မှုထမ်း သင်တန်းတက်ရောက်ကြမယ့် သင်တန်းသားတွေကို တူညီဝတ် စုံနဲ့ ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တယ်လို့ စစ်ကော်မရှင်ဘက်က ထုတ်ပြန်ထားပါတယ်။

စစ်မှုထမ်း တပ်သားစုဆောင်းခံရသူတွေဟာ ငွေကြေးနဲ့ လူအစားထိုး ငှားရမ်းခံရသူတွေ၊ ရောင်းစားခံရသူတွေ၊ အတင်းအဓမ္မ ဖမ်းဆီးခံရသူတွေ၊ စစ်မှုထမ်းဆင့်ခေါ်ခံရတဲ့သူတွေနဲ့ ပေါ်တာဆွဲခံရသူတွေ အများဆုံး ပါဝင်ပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ် စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၁၈ အထိ စစ်မှုထမ်း တပ်သား ၃၃၀၀ ထက်မနည်း စစ်သားစုဆောင်းခံထားရပါတယ်။

စစ်မှုထမ်းတပ်သား စုဆောင်းခံရတဲ့ လူငယ်တွေဟာ သင်တန်းဆင်းပြီးနောက် ရှေ့တန်းတွေကို ချက် ချင်းပို့ဆောင်ခံရတာကြောင့် ထိခိုက်သေဆုံးမှု များပြားနေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

တဖက်မှာလည်း ပြည်နယ်စစ်ကော်မရှင်ဟာ စစ်မှုထမ်းသင်တန်းတွေ လစဉ် ဖွင့်လှစ်နိုင်ဖို့အတွက် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ဖိအားပေးခြိမ်းခြောက်တာတွေ ရှိနေပြီး စစ်မှုထမ်း မပေးနိုင်တဲ့ အုပ်ချုပ်ရေးမှူးတွေကို ရာထူးကနေ ဖြုတ်ချတာတွေ ရှိနေပါတယ်။

စစ်ကော်မရှင်ရဲ့ အချက်အလက်တွေအရ နိုင်ငံတဝန်းမှာ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၁၈ အထိ စစ်မှုထမ်း တပ်သားစုဆောင်းခံရသူ ၇၀,၀၀၀ နီးပါး ရှိလာပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.