မော်လမြိုင် ၊ နိုဝင်ဘာ ၆
မွန်ပြည်နယ်ရဲ့ အခုနှစ်မိုးစပါးပေါ်ကာလမှာ စပါးဈေးအဆမတန် ကျဆင်းနေတာ၊ အရင်လို စပါးဝယ်ယူမှုတွေ မရှိတော့တာကြောင့် ခွက်ခွက်လန် အရှုံးပေါ်နေတယ်လို့ တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စပါးဈေးနှုန်းဟာ ပြီးခဲ့တဲ့နှစ်က အနိမ့်ဆုံး စပါးတင်း ၁၀၀ ကို ကျပ်၂၀ သိန်းဝန်းကျင်အထိရှိရာမှ အခုနှစ်စပါးပေါ်ကာလမှာ စပါးတင်း ၁၀၀ ကိုမှ ကျပ် ၁၁ သိန်း ဝန်းကျင်သာရရှိတဲ့အတွက် အရင်နှစ်နဲ့နှိုင်းယှဉ်ပါက ထက်ဝက်နီးပါးလောက်သာ ဈေးရတော့တာပါ။
စပါးဈေးမရတာကြောင့် စပါးစိုက်ပျိုးစဉ်က ထွန်ယက်ခ၊ မျိုးစပါးခ၊ ဓာတ်မြေဩဇာခ၊ စိုက်ပျိုးရိတ်သိမ်းခအပြင် အထွေထွေ ထုတ်လုပ်မှုကုန်ကျစရိတ် အဆမတန် ကြီးမြင့်မှုကြောင့် သိသိသာသာ အရှုံးပေါ်နေကြတယ်လို့ တောင်သူတွေက ဆိုကြပါတယ်။
တောင်သူ တစ်ဦးကတော့ စပါးဈေးမရတာကြောင့် ဒီနှစ်မှာ အဆိုးဆုံး အရှံးပေါ်သလို လက်ရှိမှာလည်း စပါး အဝယ်တောင် မရှိတဲ့အတွက် စပါးတွေ ပုံထားရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဒီနှစ်ကတော့ အဆိုးဆုံးလို့ပဲ ပြောရတော့မှာပေါ့။ ဒီမှာဆိုရင် အဝယ်တောင် မရှိဘူး။ ရိတ်ထားပြီးတော့ ရောင်းဖို့ အဲဒီ ပွဲစားတွေပါ ပျောက်နေတယ်။ အဝယ်တွေ မရှိတော့ ဒီအတိုင်း စပါးတွေ ပုံထားရတယ်။ ဒီနှစ်ကတော့လည်း တောင်သူတွေ ဘဝကတော့ ခွေးဖြစ်မယ့် ဘဝပေါ့”လို့ ဆိုပါတယ်။
စပါးဈေးမရတဲ့အချိန်မှာ အဝယ်တွေ ပျောက်နေတာကြောင့် တောင်သူတချို့ဟာ စပါး ရိတ်သိမ်းဖို့အတွက် စက်ခတောင် ပေးဖို့ အခက်အခဲ ရှိနေသလို တချို့တွေအနေနဲ့ ချေးငှားပြီး လုပ်ရတာကြောင့် စပါးအရှုံးအပြင် အကြွေးတွေပါ ထပ်တင်နေကြရတယ်လို့ သူက ဆက်ပြောပါတယ်။
တောင်သူ နောက်တစ်ဦးကလည်း စပါးအထွက်နှုန်း ကျဆင်းမှုကြောင့် လက်ရှိ ပေါက်ဈေးနဲ့ဆိုရင် အကျိုးအမြတ်မရှိဘဲ အရှုံးကြီးရှုံးကြမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အကျိုးအမြတ် မရှိပါဘူး။ ရှုံးတယ်။ ဘာလို့ဆိုတော့ တစ်ဧက ကုန်ကျစရိတ်က ဒီနှစ်က မိုးစပါးက နှစ်ပြန်သုံးပြန် ကြဲရတာ၊ အထွက်နှုန်း နည်းရင်တော့ ရှုံးမှာပဲ။ တစ်ဧကမှ စပါး ထွက်မှ ဘယ်လောက်ထွက်မလဲ ဒီနှစ်အဖို့ရာမှာ စပါး ၄၀ လောက်ပဲ ထွက်နိုင်မယ်။ ၄၀ လောက်ပဲ ထွက်နိုင်မယ်ဆိုရင် ရှုံးကြမယ်”လို့ ဆိုပါတယ်။
စပါးဈေးနှုန်း ကျဆင်းမှုဟာ အာဏာသိမ်းကာလအတွင်း အဆုံးဝါးဆုံး အခြေအနေ တစ်ခုဖြစ်ပြီး စပါးစိုက်တောင်သူ အကြွေးသံသရာဆိုက်ကိန်း ကြုံနေရတာ ဖြစ်ပါတယ်။
အခုလို ထုတ်လုပ်မှုကုန်စရိတ် အဆမတန်ကြီးမြင့်ပြီး စပါးဈေးနှုန်း ကျဆင်းနေမှုအပေါ် လက်ရှိအချိန်အထိ စစ်ကော်မရှင်ဘက်က စပါးဈေးနှုန်း ပြင်ဆင်သတ်မှတ်တာ မရှိသေးပါဘူး။
မွန်ပြည်နယ်ဟာ မိုးစပါးစိုက်ဧက ခုနှစ်သိန်းနီးပါး ရှိတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး နှစ်စဉ်စပါးတင်းပေါင်း သိန်း ၄၃၀ ကျော် ထွက်ရှိနေကာ ထွက်ရှိလာတဲ့ စပါးတွေကိုတော့ ဆန်ချော ထုတ်လုပ်ကာ ဒေသတွင်းအပြင် တခြားတိုင်းနဲ့ ပြည်နယ်တွေကိုလည်း တင်ပို့ ရောင်းချနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

