နေပြည်တော် ၊ နိုဝင်ဘာ ၆

ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ ကာလအတွင်း စစ်ကော်မရှင် ကျင်းပမယ့် အပိုင်းလိုက် ရွေးကောက်ပွဲအလွန်မှာ အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ အခန်းကဏ္ဍနဲ့ စစ်ရေးချိန်ခွင်လျှာ အပြောင်းအလဲကို မေးခွန်းထုတ်လာနေကြပါတယ်။

ရွေးကောက်ပွဲကျင်းပပြီး ရွေးကောက်ခံအစိုးရနဲ့ နိုင်ငံ့အရေးဆောင်ရွက်တာဟာ နိုင်ငံအတွက် အကောင်းဆုံးလို့ ထုတ်ပြောခဲ့ဖူးတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်ချုပ်ရာထူးအပြင် သူ့ဘာသာ ခန့်အပ်ထားတဲ့ ယာယီသမ္မတရာထူးနဲ့ပါ ပူးတွဲရပ်တည်နေသူပါ။

အာဏာသိမ်းမှုအတွင်း နိုင်ငံတော်ရဲ့ အာဏာအရပ်ရပ်ကို စစ်ခေါင်းဆောင် တစ်ဦးတည်းကသာ ချုပ်ကိုင်ခြယ်လှယ်ပြီး စစ်တပ်အပါအဝင် စိတ်ကြိုက်ရွေးချယ်ထားသူတွေနဲ့ ဖွဲ့စည်းခဲ့တဲ့ စစ်ကောင်စီ၊ စစ်ကော်မရှင်ကို ဦးဆောင်ပါတယ်။

ဒါပေမယ့် လာမယ့် အထွေထွေရွေးကောက်ပွဲကနေ အစိုးရတစ်ရပ် ပေါ်ပေါက်လာရင် နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး၊ဥပဒေပြုရေးနဲ့ တရားစီရင်ရေး အာဏာသုံးရပ်လုံးကို စစ်ခေါင်းဆောင်က စွန့်လွှတ်ရမယ့် အခြေအနေပါ။

CDM ဗိုလ်ကြီး ဇင်ယော်သုံးသပ်တာက စစ်ခေါင်းဆောင်ဟာ သမ္မတလုပ်ချင်တဲ့ ရည်မှန်းချက်ရှိပေမယ့် လုပ်ပိုင်ခွင့် ပိုများတဲ့ တပ်ချုပ်နေရာကို စွန့်လွှတ်ရမှာဖြစ်လို့ ဘယ်ဟာကို ရွေးမလဲဆိုတာ ထူးဆန်းနေတယ်လို့ ပြောပါတယ်။

“စစ်ခေါင်းဆောင်ရဲ့ အခန်းကဏ္ဍကတော့ သူက သမ္မတလုပ်ချင်တာ။ သူ့ရဲ့ အဓိက အန္တိမရည်မှန်း ချက်က သမ္မတလုပ်ချင်တာ။ ဒါပေမယ့် သူတို့ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံမှာ သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်ကလည်း ကာကွယ်ရေးဦးစီးချုပ်ကတောင် လုပ်ပိုင်ခွင့် ပိုများပါသေးတယ်။ ကာကွယ်ရေးဦးစီးချုပ်ကို ကာကွယ်ရေးဦးစီးချုပ်ကပဲ ခန့်လို့ရတာ။ အဲဒီတော့ တပ်ချုပ်ရာထူးကို သူ စွန့်လွှတ်လိုက်မလား အဖြစ်ချင်ဆုံး သမ္မတကို ရွေးမလား ဒါကိုတော့ ကျွန်တော်တို့လည်း ပြောမတတ်သေးဘူး။ အဲဒီတစ်ခုက နည်းနည်းလေး ထူးဆန်းတယ်”လို့ ဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ နိုင်ငံတော် သမ္မတဖြစ်ရင် မူလရာထူးကနေ နုတ်ထွက်ရမှာဖြစ်ပြီး အဲဒီရာထူးနှစ်ခုစလုံးကို ပူးတွဲတာဝန်ယူ ထမ်းဆောင်ဖို့ မပြဌာန်းထားပါဘူး။

NLD အစိုးရလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကို ရယူနိုင်ခဲ့မှုအပေါ် စစ်ခေါင်းဆောင်ကလည်း နိုင်ငံ့ဥသျှောင်အဖြစ် အာဏာအရှိဆုံးပုဂ္ဂိုလ် ဖြစ်အောင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲလာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရ သမ္မတရွေးချယ်ရာမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့ သုံးဖွဲ့က ဒုသမ္မတ တစ်ယောက်ချင်းစီကို အဆိုပြုရမှာပါ။

အဲဒီအဆိုပြုထားတဲ့ ဒုသမ္မတ သုံးဦးကို ပြည်ထောင်စုလွှတ်တော်မှာ လျှိုဝှက်မဲပေးစနစ်နဲ့ ရွေးချယ်ရမှာဖြစ်ပြီး မဲအများဆုံးရသူဟာ နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရမှာ ဖြစ်ပါတယ်။

ဒါကြောင့် စစ်ခေါင်းဆောင် သမ္မတဖြစ်ဖို့အရေး လွှတ်တော်ထဲဝင်ပြီး မဲပေးနိုင်ဖို့ လာမယ့် ရွေး ကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကနေ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်မယ့် စစ်ယူနီးဖောင်းချွတ် အရာရှိ ၄၉၀ နီးပါး ရှိနေတာပါ။

ဒါ့အပြင် စစ်တပ်အတွင်းရှိ ဗိုလ်မှူး၊ ဒုဗိုလ်မှူးကြီးအဆင့်ရှိသူ ၁၀ ဦးခန့်ကိုလည်း အငြိမ်းစားယူခိုင်းကာ တစညပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေတယ်လို့ BNI Myanmar Peace Monitor ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

တကယ်လို့ စစ်ခေါင်းဆောင်က သမ္မတအဖြစ် ရွေးချယ်ခံရမယ်ဆိုရင် ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ဆက်ခံမယ့် စစ်တပ်ရဲ့ စတုတ္ထမျိုးဆက်အဖြစ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းလို့ ရေပန်းစားနေတာပါ။သူဟာ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ်-၃၅ ဆင်းဖြစ်ပြီး လက်ရှိမှာ တပ်မတော် (ကြည်း၊ရေ၊လေ) ညှိနှိုင်းကွပ်ကဲရေးမှူးအဖြစ် တာဝန်ယူထားတာပါ။

ISP-Myanmar ရဲ့ သုံးသပ်ချက်အရ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသာ စစ်ခေါင်းဆောင်ရဲ့ နေရာမှာ ဆက်ခံသူဖြစ်လာမယ်ဆိုရင် စစ်တက္ကသိုလ် အပတ်စဉ် ၃၅ ဝန်းကျင်က စစ်ဗိုလ်ချုပ်တွေအနေနဲ့ စစ်တပ်ရဲ့ စတုတ္တမျိုးဆက်တွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

တစ်ဘက်မှာ ရွေးကောက်ပွဲအလွန် လွှတ်တော်အခင်းအကျင်းမှာ အစိုးရနဲ့ စစ်တပ်ဟာ အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို တပ်နေရာချထားရေးနဲ့ နယ်မြေပိုင်းခြားရေးကိစ္စရပ်တွေကို ဆွေးနွေးနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေတာပါ။

CDM ဗိုလ်ကြီး ဇင်ယော်ကတော့ ရခိုင်ပြည်နယ်အပါအဝင် တောင်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ လွှတ်တော်တွင်းနဲ့ လွှတ်တော်ပြင်ပကနေ စစ်ရေးနိုင်ငံရေးနည်းလမ်းတွေကို သုံးပြီး စစ်တပ်က ညှိနှိုင်းလာနိုင်တယ်လို့ ပြောပါတယ်။

ဒါကြောင့် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ဆက်လက်ပါဝင်လို့ မရအောင် စစ်တပ်က တနည်းနည်းနဲ့ အပေးအယူလုပ်လာရင် ERO မဟုတ်တဲ့ တော်လှန်ရေးအဖွဲ့တွေဘက်ကို တပြိုင်တည်း ထိုးစစ်စလာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“ERO တွေသာ မပါခဲ့ဘူးဆိုရင် (စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးတိုက်ပွဲမှာ) ပါလို့မရအောင် ချုပ်လိုက်မှာပေါ့။ ပေါ်တင်ပါလို့ မရလာအောင် ချုပ်လိုက်မယ်ဆိုရင် စစ်ရေးအခင်းအကျင်းက ပြည်မ တိုင်းဒေသကြီးတွေမှာ သူတို့အတွက် (စစ်တပ်) ထိုးစစ်ဆင်စရာ ဖြစ်လာမယ်။ အဲဒီတော့ ရခိုင်က သူတို့ဆီမှာ စစ်တပ်တွေ ခြေချလို့ မရဘူးဆိုရင်တော့ ကျွန်တော်တို့အတွက် ကြောက်စရာ ဖြစ်တယ်။ သူတို့ဆီမှာ (ရခိုင်) အခြေချလို့ မရရင် စစ်ကိုင်းမှာ ချမယ်၊ အခု ဗန်းမောက်မှာ ချမယ်။ သူတို့ (စစ်တပ်) ရှုံးခဲ့တဲ့ နေရာမှာ တိုင်းစစ်ဌာနချုပ်တွေ ပြန်ဖွင့်ပြီးတော့ ချလာမယ်ဆိုရင် ERO မဟုတ်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနေရာကို စစ်တပ်က တချိန်တည်း တပြိုင်တည်း ထိုးစစ် သူ့ဘက်က ပြန်စလာနိုင်တဲ့ စစ်ရေးချိန်ခွင်လျှာမျိုး ဖြစ်လာနိုင်တယ်လို့ပဲ ကျွန်တော်တို့က သုံးသပ်ရပါတယ်”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေထဲမှာ မြောက်ပိုင်းအဖွဲ့တွေဖြစ်တဲ့ ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့ဟာ တရုတ်အစိုးရရဲ့ ဖိအားကြောင့် စစ်တပ်နဲ့ အပစ်ခတ်ရပ်စဲဖို့ သဘောတူထားကြပါတယ်။

ကျန်တဲ့ အာရက္ခတပ်တော် AA အပါအဝင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ကရင်အမျိုးသားအစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့ကတော့ ဆက်လက်တိုက်ပွဲဝင်နေကြပါတာပါ။

နွေဦးတော်လှန်ရေးကနေ ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF အပါအဝင် ဗမာလူမျိုးစုနဲ့ အခြားသော လူမျိုးစုအခြေပြု လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကလည်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ တိုက်ပွဲဝင်နေကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CINCDS

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.