နေပြည်တော် ၊ နိုဝင်ဘာ ၂

ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ ဒီနှစ်ကုန်ပိုင်းအတွင်း စတင်ကျင်းပမယ့် အပိုင်းလိုက် အ ထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လုံခြုံရေးအပါအဝင် လုပ်ငန်းစဉ်တစ်ခုလုံး ပျက်ပြားသွားမှာကို စစ်ကော်မရှင်က အထိအခိုက်မခံ ဖြစ်နေပါတယ်။

ရွေးကောက်ပွဲလုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ လှုံ့ဆော်ဝါဒဖြန့်မှုတွေ ကျူးလွန်နေသူတွေကို စုံစမ်းဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူဖို့ လိုအပ်တယ်လို့ စစ်ကော်မရှင်ခန့် ပြည်ထဲရေးဝန်ကြီး ဒုတိ ယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောလာတာပါ။

အောက်တိုဘာ ၃၁ ရက်နေ့က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ဗဟိုကော်မတီအစည်းအဝေးမှာ ဗဟိုကော်မတီဥက္ကဋ္ဌဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့တာပါ။

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်တွေ ပျက်ပြားစေရေး နည်းအမျိုးမျိုးနဲ့ ကျူးလွန်သူတွေကို ဖော် ထုတ်အရေးယူတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အဲဒီအတွက်ကြောင့် ပြဌာန်းထားတဲ့ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ အောက်တိုဘာ ၂၉ ရက်နေ့အထိ နိုင်ငံတဝန်း အရေးယူမှု ၄၀ မှာ အရေးယူခံရသူ အယောက် ၉၀ နီးပါး ရှိလာပြီး အဲဒီထဲက အမျိုး သား ၈၃ ဦးနဲ့ အမျိုးသမီး ၅ ဦး ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း စစ်ကော်မရှင်ရဲ့ ညွန်ကြားချက်နဲ့ ထုတ်လွှင့်ခဲ့တဲ့ “ခေတ်သမိုင်းကို ဒုင်းစိုင်းမည့်သူများ” ဇာတ်လမ်းနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ် ဝေဖန်ရေးသားသူတွေနဲ့ ထောက်ခံသူ ဒါရိုက်တာသုံးဦးအပါအဝင် ဇာတ်ပို့သရုပ်ဆောင် ငါးဦးတို့ကို ဖမ်းဆီးအရေးယူခဲ့သေးတာပါ။

အဲဒီဇာတ်လမ်းကို စစ်ကော်ရှင်က ရွေးကောက်ပွဲအသိပညာပေးလို့ သတ်မှတ်ပေမယ့် Facebook မှာတော့ စစ်တပ်ဝါဒဖြန့်မှုလို့ ဝေဖန်ရေးသားတာတွေ ရှိခဲ့ပြီး ဒီအပေါ် Love React ပေးမိတဲ့ ဒါရိုက် တာ နှစ်ဦးကိုပါ စစ်ကော်မရှင်က ဖမ်းဆီးအရေးယူခဲ့တာ ဖြစ်ပါတယ်။

အကြောင်းပြချက်ကတော့ မကြာမီ ကျင်းပမယ့် ရွေးကောက်ပွဲ အောင်မြင်စေရေး သူတို့ တတ်ကျွမ်းတဲ့ အနုပညာကဏ္ဍကနေ ပူးပေါင်းပါဝင်ခြင်း မရှိတဲ့အပြင် အခြားသူတွေရဲ့ တစ်တပ်တစ်အား ပူးပေါင်းမှုအပေါ် ဝေဖန်တဲ့ပိုစ့်တွေကို ထောက်ခံအားပေးခဲ့ကြတာလို့ ဆိုပါတယ်။

လူမှုကွန်ရက်ကနေတဆင့် မဟုတ်မမှန် ဝေဖန်ရေးသားလို့ ရွေးကောက်ပွဲအပေါ် ပြည်သူလူထု အထင်မြင်လွဲမှားစေအောင် လှုံ့ဆော်ရေးသားသူတွေနဲ့ ထောက်ခံအားပေးခဲ့ကြသူတွေကို ရွေး ကောက်ပွဲကာကွယ်ရေးဥပဒေ အပါအဝင် ပြစ်မှုဆိုင်ရာဥပဒေတွေနဲ့ ထိရောက်စွာ အရေးယူသွားမယ်လို့ အသိပေးတာပါ။

ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ အရေးယူခံရသူတွေကို ပုဒ်မ ၂၃ (က) အရ ဘယ်သူမဆို တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ရင် ထောင်ဒဏ် အနည်းဆုံး သုံးနှစ်ကနေ အများဆုံး ခုနှစ်အထိ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။

အဲဒီဥပဒေပါ ပုဒ် ၁၆ အရ ဘယ်သူမဆို ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်ကို ဖြစ်စေ ဒါမှမဟုတ် လုပ်ငန်းစဉ်ရဲ့ တစ်စိတ်တစ်ဒေသကို ဖြစ်စေ ပျက်ပြားစေဖို့ ဟောပြောတာ၊ ပြောဆိုတာ ၊ စည်းရုံးတာ၊ လှုံ့ဆော်တာ၊ ဆန္ဒပြတာ ဒါမှမဟုတ် စာရေးသားဖြန့်ချီတာတွေကို ဘယ်နည်းနဲ့မှ မပြုရဘူးလို့ တားမြစ်ထားတာပါ။

လေ့လာသူတွေကတော့ စစ်ကော်မရှင် ဦးဆောင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို ကန့် ကွက်တာ၊ ပျက်ပြားအောင်လုပ်တာ၊ နှောင့်ယှက်ဟန့်တားတာတွေကို ဥပဒေနဲ့ အရေးယူနိုင်အောင် ကြိုတင်စီမံထားတာလို့ ထောက်ပြကြပါတယ်။

ရွေးကောက်ပွဲမှာ လူသေဆုံးတဲ့အထိ ပြစ်မှုကျူးလွန်ရင် သေဒဏ်ချမှတ်မယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို ဇူလိုင် ၂၉ ရက်နေ့မှာ ပြဌာန်းခဲ့တာပါ။

အဲဒီဥပဒေဟာ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲသမိုင်းမှာ တခါမှ မရှိခဲ့ဖူးတဲ့ ဥပဒေတစ်ခုဖြစ်ပြီး ရွေး ကောက်ပွဲကို မကောင်းကြောင်းပြောရုံနဲ့ ထောင်ဒဏ်တွေပါ ချမှတ်ခံရနိုင်တဲ့ ပုဒ်မတွေကိုလည်း ထည့်သွင်းထားတာ ဖြစ်ပါတယ်။

ပြည်ထဲရေးဝန်ကြီးကတော့ လာမယ့် ရွေးကောက်ပွဲကာလမှာ မဲရုံတွေ အပါအဝင် မဲပေးစက်တွေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ ဆန္ဒမဲပေးသူတွေ လုံခြုံရေးအတွက် လိုအပ်တဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆက်လက်ဆောင်ရွက်ပေးဖို့ အစည်းအဝေးမှာ ညွန်ကြားထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.