ရေး၊ နိုဝင်ဘာ ၂

မွန်ပြည်နယ် ရေးမြို့နယ်မှာ ရွေးကောက်ပွဲနီးကပ်လာချိန် စစ်ကော်မရှင်တပ်က အင်အား ၅၀၀ ကျော် ထပ်မံဖြည့်တင်းထားတယ်လို့ ဒေသခံတွေအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာအတွင်း စစ်သင်္ဘောတွေနဲ့ ဇီးဖြူသောင်ကျေးရွာ ပန်ဒါဆိပ်ကမ်းကို အသုံးပြုပြီး ရေလမ်းကနေ စစ်အင်အားဖြည့်တင်းခဲ့တာ ဖြစ်ပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာ ၁၅ ရက်နေ့မှာ တစ်ကြိမ်၊ အောက်တိုဘာ ၃၁ ရက်နေ့မှာ တစ်ကြိမ်၊ စုစုပေါင်း နှစ်ကြိမ် တပ်အင်အားထပ်မံဖြည့်တင်းထားတာပါ။

ဖြည့်တင်းထားတဲ့ တပ်အင်အားတွေကို ရေးအခြေစိုက် အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကတဆင့် တပ်ရင်းတပ်ဖွဲ့တွေထံ အင်အားဖြန့်ခွဲနေတာ ဖြစ်ပါတယ်။

စစ်ကော်မရှင်ဘက်က တပ်အင်အားတွေ တိုးချဲ့လာတာကြောင့် လိုအပ်တဲ့ပြင်ဆင်မှုတွေ လုပ် ဆောင်ထားတယ်လို့ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF တာဝန်ခံ ဗိုလ်ရန်နိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် စစ်ကော်မရှင် ပြုလုပ်မယ့်ရွေးကောက်ပွဲအပိုင်း ၂ မှာ ရေးမြို့နယ် ပါဝင်လာတာကြောင့် တော်လှန်ရေးအဖွဲ့တွေ အင်အားကောင်းတဲ့ ကျေးရွာတွေဘက်က ထိုးစစ်ဆင်လာနိုင်တဲ့အတွက် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့ကလည်း ရေးမြို့နယ်က အောင်သပြေ၊ လိမ္မော်ခြံ၊ အောင်သာယာ၊ ဘေးလမိုင်းနဲ့ ကနင်ကမော့ကျေးရွာ ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.