ရေး၊ နိုဝင်ဘာ ၁
မွန်ုပြည်နယ် ရေးမြို့နယ် အနင်းကျေးရွာနဲ့နှစ်ကရင်ကျေးရွာကြား လမ်းပေါ်မှာ ရော်ဘာခြံကနေ ပြန် လာတဲ့ အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့ မနက် ၁၀ နာရီအချိန်လောက်က နှစ်ကရင်ကျေးရွာကနေ အနင်းကျေးရွာဘက်ကို ဆိုင်ကယ်နဲ့တစ်ဦးတည်းပြန်လာတဲ့ အနင်းရွာခံ အသက် ၅၀ ကျော်အရွယ် ဦးစိုးအောင်ကို သေနတ်သမားတွေက ပစ်ခတ်သတ်ဖြတ်သွားတာပါ။
သေနတ်နဲပစ်ခတ်ခံရတာကြောင့် အနင်းကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးစိုးအောင်ဟာ ဦးခေါင်းနဲ့ ဝမ်းဗိုက်ကျည်ထိမှန် ဒဏ်ရာတွေရရှိပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးသွားပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် အလောင်းကို ဒေသခံတွေက လမိုင်းဆေးရုံပို့ပေးခဲ့ရပြီး ဆေးရုံကိုရောက်မှ ရဲတပ်ဖွဲ့ဘက်က လာရောက်စစ်ဆေးမှုလုပ်ခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူဟာ ၂၀၁၀ ခုနှစ်လောက်ကတည်းက အုပ်ချုပ်ရေးမှူးလုပ်လာသူဖြစ်ပြီး အခုနောက်ပိုင်းမှာတော့ ကိုယ်ပိုင်ရော်ဘာခြံလုပ်ငန်းလုပ်ကိုင်ပြီး အေးဆေးနေထိုင်သူဖြစ်တယ်လို့ ဆိုပါတယ်။
ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေအပြင် စစ်ကော်မရှင်ဘက်ကလည်း တစ်စုံ တစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

