မော်လမြိုင် ၊ နိုဝင်ဘာ ၂
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင်က ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေး ပါတီက ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးမှု ကတိကဝတ်အပေါ် အယုံအကြည်မရှိဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အာဏာသိမ်း စစ်ကော်မရှင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို အောက်တိုဘာ ၂၈ ရက်နေ့ကနေ ဒီဇင်ဘာ ၂၆ ရက်နေ့ထိ ရက်ပေါင်း ၆၀ မဲဆွယ် စည်းရုံးခွင့် ပြုထားတာ ဖြစ်ပါတယ်။
မဲဆွယ်စည်းရုံးခွင့်ပြုထားတာကြောင့် စစ်ကော်မရှင် အပြည့်အဝ ထိန်းချုပ်ထားတဲ့ နယ်မြေတွေက ကိုယ်စားလှယ်လောင်းအများစုဟာ မြေပြင်အထိ ကွင်းဆင်းပြီး ကတိကဝတ် အမျိုးမျိုးပေးကာ ပြည်သူတွေကို လိုက်လံ စည်းရုံးမှုတွေ လုပ်ဆောင်နေတာပါ။
မွန်ပြည်နယ် ဒေသခံ တစ်ဦးကတော့ ကိုယ်စားလှယ်လောင်းတွေဘက်က ကတိကဝတ်တွေ အမျိုးမျိုး ပေးပေမယ့် သူတို့ရဲ့ ကိုယ်ကျိုးရှာပြီး လုပ်ဆောင်ခဲ့တဲ့ သမိုင်းတွေ ရှိတာကြောင့် ဘယ်ကိုယ်စားလှယ်လောင်းကိုမှ အယုံအကြည် မရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဘယ်လို ကတိကဝတ်တွေနဲ့ မဲဆွယ်နေလည်းဆိုတော့ ပြည်ခိုင်ဖြိုးကတော့ သူတို့ ပါတီထဲကို ဝင်လိုက်ရင် ပါတီကတ် ရှိရင် စစ်မှုမထမ်းရဘူးလို့ ပေါ်တာအဆွဲ မခံရဘူးလို့ စစ်မှုထမ်းကြေး လွတ်တယ်လို့ အဲဒီလိုပေါ့ အခွင့်အရေးပေါင်း များစွာ ရှိတယ်ပေါ့။ ဦးကိုကိုကြီး ပါတီကတော့ စစ်မှန်တဲ့ ဒီမိုကရေစီ ရဖို့ပေါ့နော်။ လူတွေရဲ့ နေထိုင်မှု အဆင့်တွေ မြင့်မားလာဖို့တို့ ပြောတာပေါ့နော်။ ပါးစပ်က ပြောတဲ့ အပြောပေါ့။ ပါတီကိုယ်စားလှယ်လောင်းတွေမှာ လူကြီးနေရာ ဝင်ရွေးတဲ့လူတွေရဲ့ ကိုယ် ကျိုးရှာပြီး လုပ်ဆောင်တဲ့ သမိုင်းတွေလည်း ရှိတယ်။ ဘယ်ကိုယ်စားလှယ်လောင်းမှ အယုံအကြည် မရှိဘူး”လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေဟာ အရင်ကတည်းက သူတို့ အကျိုးစီးပွားအတွက်သာ ကြည့်တဲ့သူတွေ ဖြစ်ပြီး အခုလို မဲဆွယ်ကာလရောက်မှသာ ပြည်သူတွေ ကောင်းစားရေး လုပ်ဆောင်မယ်လို့ ပြောဆိုတာဟာ ဟာသ တစ်ခုသာ ဖြစ်တယ်လို့ သူက ဝေဖန်ပါတယ်။
မွန်ပြည်နယ် ဒေသခံ နောက်တစ်ဦးကလည်း ရွေးကောက်ပွဲ ဝင်မယ့် ကိုယ်စားလှယ်လောင်းတွေက ကတိကဝတ် အမျိုးမျိုး ပေးပေမယ့် သူတို့ ဖြည့်ဆည်း ပေးမှာ မဟုတ်သလို အဲဒီကတိကဝတ်တွေဟာဆိုရင် မဲကာလ ပြီးတာနဲ့ အလိုလို ပျောက်ကွယ်သွားမှာ ဖြစ်တဲ့အတွက် အယုံအကြည် မရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကျွန်တော်ကတော့ သူတို့ ပေးတဲ့ ကတိကဝတ်တွေကို မထင်ဘူး။သူတို့ ဖြည့်ဆည်းပေးမယ်လို့ မထင်ဘူး။ ဘာကြောင့်ဆို သူတို့ နဂိုကတည်းက ဒီလို လုပ်ချင်လို့ အာဏာကောက်သိမ်းထားတဲ့ လူတွေလေ။ အခုဟိုမှာ ပြိုင်ဘက်ဆိုတဲ့ ပါတီတွေကလည်း ဘယ်ပါတီတွေ ရှိတော့လို့လဲ။ ဘယ်ပါတီမှ မရှိတော့ဘူး၊ အကြီးဆုံးပါတီဆိုလို့ ဒီမှာ ကြံ့ခိုင်ရေး ပါတီ တစ်ခုပဲ ရှိတော့တာ ကျန်တဲ့ပါတီတွေက ဘာမှရှိတာမှ မဟုတ်တာ၊ မဲဆွယ်စည်းရုံးတဲ့အချိန်မှ သူတို့ ကတိကဝတ်တွေ ပေးတာပါ၊ မဲထည့် ပြီးလို့ မဲကာလ ပြီးသွားရင် ဒီကတိကဝတ်တွေက သူဟာသူ အလိုလိုနေရင်း ပျောက်သွားမယ်။အယုံအကြည်ကို မရှိဘူး”လို့ ဆိုပါတယ်။
ဒေသတွင်းမှာတော့ စစ်ကော်မရှင် အပြည့်အဝ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ကိုယ်စားလှယ်လောင်း အများစု မဲဆွယ်စည်းရုံးတာတွေ လုပ်ဆောင်နေပေမယ့် တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ နယ်မြေတွေမှာတော့ မဲဆွယ်စည်းရုံးတာတွေ မတွေ့ရဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
တဖက်မှာ အာဏာသိမ်း စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးနိုင်ဖို့ အတွက် ဒေသတွင်းမှာ လုံခြုံရေး တိုးမြှင့်ပြီး နေ့စဉ် ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။
စစ်ကော်မရှင်က ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲမှာတော့ မွန်ပြည်အတွင်းမှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တစ်ဦး အပါအဝင် နိုင်ငံရေး ပါတီ ၉ ခုက ကိုယ်စားလှယ်လောင်း ၂၅၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်း တင်သွင်းထားတာပါ။
မွန်ပြည်နယ်မှာတော့ စစ်ကော်မရှင်က လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ပြုလုပ်မယ့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၁ အဖြစ် ကျိုက်ထို၊ သထုံ၊ မော်လမြိုင်၊ ချောင်းဆုံနဲ့ ကျိုက်မရောမြို့နယ်တို့မှာ ကျင်းပသွားမှာဖြစ်ပြီး ကျန်တဲ့ ၅ မြို့နယ်ကိုတော့ လာမယ့် ဇန်နဝါရီ ၁၁ ရက်နေ့ ပြုလုပ်မယ့် ရွေး ကောက်ပွဲ အပိုင်း ၂ မှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

