လန်ဒန်၊ ဘေဂျင်း၊ သြဂုတ် ၂၇

ဝယ်လိုအား မြင့်တက်နေချိန် အမေရိကန် သတ္တုတွင်းကုမ္ပဏီ MP Materials က တရုတ်သို့ ကုန်ကြမ်းတင်ပို့မှုကို ရပ်တန့်လိုက်ပြီးနောက် မြေရှား သတ္တုဈေးဟာ နှစ်နှစ်ကျော် ကာလအတွင်း အမြင့်ဆုံးနှုန်းသို့ ရောက်ရှိလာခဲ့ပါတယ်။

မြေရှားသတ္တု သန့်စင်နိုင်စွမ်း ၉၀ ရာခိုင်နှုန်းရှိပြီး တူးဖော်ထုတ်လုပ်မှု ၇၀ ရာခိုင်နှုန်း ရှိတဲ့ တရုတ်ဟာ တစ်ကမ္ဘာလုံး မြေရှားသတ္တု ထောက်ပံ့မှုကို ကြီးစိုးထားပေမယ့် အမေရိကန်က တားဆီးဖို့ ကြိုးပမ်းနေပြီး ပြည်တွင်းမှာ ထုတ်လုပ်ရေး MP Materials ကုမ္ပဏီနဲ့ စာချုပ် ချုပ်ဆိုထားပါတယ်။

အရမ်းအားကောင်းတဲ့ သံလိုက်တွေ ထုတ်လုပ်ဖို့အတွက် မြေရှားသတ္တုလိုအပ်ပြီး တရုတ်ဟာ ကမ္ဘာမှာ သံလိုက်ထုတ်လုပ်မှုကို ဦးဆောင်နေတဲ့ နိုင်ငံ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သုံးနှစ်အတွင်း အဲဒီ ကုမ္ပဏီက တရုတ်အတွက် မြေရှားသတ္တု ထုတ်လုပ်ဖို့ လိုအပ်တဲ့ ကုန်ကြမ်း ၇ ရာခိုင်နှုန်းကနေ ၉ ရာခိုင်နှုန်း အထိ တင်ပို့ ပေးခဲ့တာ ဖြစ်ပါတယ်။

တရုတ်မှာ ကုန်ကြမ်းဈေးနှုန်းဟာ တစ်ကီလိုကို ဇူလိုင် ၉ ရက်က ၆၃ ဒေါ်လာလောက်ပဲ ရှိခဲ့ရာက အခုအချိန်မှာ တစ်ကီလိုကို ၈၈ ဒေါ်လာ ပေးဝယ်နေရပါတယ်။

မြေရှားသတ္တုနဲ့ ပတ်သက်လို့ တရုတ်အပေါ် အားကိုးနေရမှုကို အနောက်တိုင်းက လျှော့ချဖို့ ကြိုးပမ်းနေတာပါ။

အမေရိကန်အစိုးရက မြေရှားသတ္တု ထုတ်လုပ်ရေး MP Materials နဲ့ ပြီးခဲ့တဲ့လမှာ စာချုပ် လက်မှတ်ရေးထိုးခဲ့ပြီးနောက် တရုတ်သို့ ကုန်ကြမ်း တင်ပို့မှုကို ရပ်ထားလိုက်တာ ဖြစ်ပါတယ်။

တရုတ်က သူတို့ နိုင်ငံမှာ လက်ရှိ ပေါက်ဈေးထက် နှစ်ဆနီးပါး ပိုပေးပြီးတော့ MP Materials နဲ့ သဘောတူညီမှု ရယူဖို့ ကြိုးစားခဲ့ပါသေးတယ်။

MP Materials က အခွန် မြင့်တက်မှုကြောင့် တရုတ်သို့ မြေရှားသတ္တု ကုန်ကြမ်း တင်ပို့မှုတွေကို ဧပြီလကတည်းက ရပ်ထားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်က မြေရှားသတ္တု ထုတ်ယူရေး ယူကရိန်းနဲ့လည်း သဘောတူညီမှု ရယူထားပြီး ကမ္ဘာ့ဈေးကွက်မှာ တရုတ် ကြီးစိုးထားမှုကို တုံ့ပြန်ဖို့ ကြိုးပမ်းနေပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.