ရေဖြူ၊ ဩဂုတ် ၂၈

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ပြည်ထောင်စုလမ်းပိုင်းက ကျေးရွာတွေမှာ စစ်ကော်မရှင်တပ် စစ် ကြောင်းထိုးနေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေတယ်လို့ PDF နည်း ဗျူဟာ ၃၃ တာဝန်ခံ စောဒါးကိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်နေ့ကစလို့ ရေဖြူမြို့နယ် ပြည်ထောင်စုလမ်းပိုင်းက ကျေးရွာတွေဖြစ်တဲ့ ကော့လှိုင်း၊ မိုင် ၆၀၊ သာယာမွန်၊ မရမ်းချောင်းကျေးရွာတို့ကို စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးနေတာကြောင့် သြဂုတ် ၂၆ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ရေဖြူအခြေစိုက် မောရဝတီတပ်ရင်းဌာနချုပ်ကနေ တစ်ရက်လျှင် လက်နက်ကြီး အလုံး ၅၀ ထက်မနည်း ပစ်ကူပေးနေတာပါ။

၁၀ ရက်ကြာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်က ၅၀ ထက်မနည်း ထိခိုက်သေဆုံးထားပြီး တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဟာ မိုင် ၆၀ ကျေးရွာက အသက် ၆၀ ကျော်အရွယ် လင် မယားနှစ်ဦးနဲ့ သားဖြစ်သူတို့ကို ပစ်သတ်ခဲ့ပြီး မရမ်းချောင်းကျေးရွာက အမျိုးသမီးငယ်တစ်ဦးကိုလည်း အဓမ္မပြုကျင့်ခဲ့တယ်လို့ စောဒါးကိုက ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ တိုက်ပွဲကြောင့် ထွက်ပြေးနေရတဲ့ ကျေးရွာတွေက နေအိမ်တွေကို ဝင်ရောက်ဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းတွေကို ကားတွေနဲ့တိုက်ပြီး ယူဆောင်နေကြတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ရေဖြူတိုက်ပွဲကြောင့် ကျွဲတလင်း၊ သုံးဆူ၊ ကော့လှိုင်း၊ မရမ်းချောင်း၊ မိုင် ၆၀၊ သာယာမွန်ကျေးရွာတို့က ဒေသခံ ၄၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.