ဘန်ကောက်၊ ဇွန် ၁၉
ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ဖုန်းခေါ်ဆိုမှု ပေါက်ကြားပြီးနောက် အများဒေါသထွက်ပြီး အဓိကညွှန့်ပေါင်း လက်တွဲဖော် ပါတီ နုတ်ထွက်သွားချိန်မှာ ထိုင်းဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာ ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေ ပိုများလာပါတယ်။
ဝန်ကြီးချုပ် ပေသွန်ထန်ရဲ့ ဖူထိုင်းပါတီ ဦးဆောင်တဲ့ ညွှန့်ပေါင်းအစိုးရ အဖွဲ့ဟာ ပြုတ်ကျလုဆဲဆဲ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

ဒါကြောင့် အမေရိကန်ရဲ့ အခွန်တွေကို ရှောင်လွှဲရေးနဲ့ စီးပွားရေး ပြန်လည် အားကောင်းလာစေရေး ကြိုးပမ်းနေရချိန်မှာ ထိုင်းနိုင်ငံရေး မတည်မငြိမ် ဖြစ်လာနိုင်တဲ့ လက္ခဏာတွေ ထွက်ပေါ်လာပါတယ်။
လွှတ်တော်အဖွဲ့ဝင် ၆၉ ဦးနဲ့အတူ ညွှန့်ပေါင်းအဖွဲ့မှာ ဒုတိယအကြီးဆုံး ဖြစ်တဲ့ ကွန်ဆာဗေးတစ် ဘွမ်ဂျိုင်ထိုင်းပါတီက ပေသွန်ထန်နဲ့ ဟွန်ဆန်ကြား ဖုန်းခေါ်ဆိုမှုဟာ ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိခိုက်ပျက်စီးစေပြီး နိုင်ငံရဲ့ ကောင်းကျိုးနဲ့ ထိုင်းစစ်တပ်ကိုလည်း ထိခိုက်နစ်နာစေတယ်လို့ ပြောပြီး ဇွန် ၁၈ ရက်မှာ ညွှန့်ပေါင်းအဖွဲ့ကနေ နုတ်ထွက်သွားခဲ့ပါတယ်။

နိုင်ငံ၊ ပြည်သူတွေနဲ့ ထိုင်းစစ်တပ်ကို ဂုဏ်သိက္ခာ ထိခိုက်စေတဲ့ သူ့ရဲ့ လုပ်ရပ်တွေအတွက် ပေသွန်ထန် တာဝန်ယူကြောင်း ပြသဖို့ ဘွမ်ဂျိုင်ထိုင်းပါတီက တောင်းဆိုထားပါတယ်။
ဖုန်းခေါ်ဆိုမှုအတွင်း ဝန်ကြီးချုပ် ပေသွန်ထန်က ဟွန်ဆန်ကို ဦးလေးလို့ ခေါ်ဝေါ်ခဲ့ပြီး ကမ္ဘောဒီးယားနဲ့ ဖြစ်ပွားနေတဲ့ နယ်စပ်ပြဿနာကြောင့် သူ့အပေါ် နိုင်ငံရေးအရ တန်ပြန်ရိုက်ချက်တွေနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ပြောဆိုခဲ့ပါတယ်။
အဲဒီ ဖုန်းခေါ်ဆိုမှု အသံဖိုင်ကို အွန်လိုင်းမှာ လူအများ ဝေမျှနေကြပါတယ်။
အရင်ကတည်းက ပြိုင်ဖက်တွေ ဖြစ်ခဲ့တဲ့ ဖူထိုင်းပါတီနဲ့ ဘွမ်ဂျိုင်ထိုင်းပါတီတို့ ညွှန့်ပေါင်းအစိုးရအဖွဲ့မှာ လက်တွဲဖော်တွေ ဖြစ်နေပေမယ့် ဖူထိုင်းပါတီက ဘွမ်ဂျိုင်ထိုင်းပါတီ ခေါင်းဆောင်ကို ပြည်ထဲရေးဝန်ကြီး ရာထူးက ထုတ်ပယ်ရေး မကြာသေးခင်က ကြိုးပမ်းခဲ့ပြီး ပါတီနှစ်ခုကြား အကွဲအပြဲ ဇာတ်လမ်းတွေ ရှိနေပါတယ်။
အဲဒီ ပါတီ နုတ်ထွက်သွားတာကြောင့် ညွှန့်ပေါင်းအဖွဲ့မှာ လွှတ်တော်ထဲ လူများစုနေရာအတွက် လိုအပ်တဲ့ အမတ်နေရာ ၂၄၈ နေရာထက် နည်းနည်းလေးပဲ ပိုပါတော့တယ်။
ညွှန့်ပေါင်းအဖွဲ့မှာ ပါဝင်တဲ့ တခြား ပါတီနှစ်ခုကတော့ လက်ရှိ အခြေအနေကို ဆွေးနွေးဖို့ ဇွန် ၁၉ ရက်မှာ အရေးပေါ် အစည်းအဝေး ကျင်းပဖို့ ရှိနေပါတယ်။
အဲဒီပါတီနှစ်ခုထဲက တစ်ခုခုကို ဆုံးရှုံးလိုက်ရမယ်ဆိုရင်တော့ ပေသွန်ထန် ဦးဆောင်တဲ့အစိုးရ ဆက်လက် ရပ်တည်ဖို့ ဖြစ်နိုင်ခြေ နည်းသွားနိုင်ပါတယ်။
Ref:Agencies

