ရိုတာဒမ် ၊ မတ် ၁၃
မူးယစ်ဆေးဝါး နှိမ်နှင်းမှုတွေနဲ့ ပတ်သက်လို့ ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို နိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC က မတ် ၁၂ ရက်မှာ ဖမ်းဆီးလိုက်ပြီးနောက် သမ္မတဟောင်းက သူ့အနေနဲ့ တာဝန်ခံဖို့ ကြိုတင် ပြင်ဆင်ထားတယ်လို့ ပြောကြားလိုက်ပါတယ်။
လူထောင်နဲ့ချီ သတ်ဖြတ်ခံခဲ့ရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေ ပြောထားတဲ့ သူ့ရဲ့ မူးယစ်ဆေးဝါး နှိမ်နှင်းခဲ့မှုကြောင့် ICC က ဒူတာတေးကို တိုက်ရိုက်မဟုတ်တဲ့ ပူးတွဲ ကျူးလွန်သူအနေနဲ့ လူသတ်မှုနဲ့ စွဲချက်တင်ဖို့ ပြင်ဆင်နေပါတယ်။

ဥပဒေ စည်းကြပ်ရေးဌာနနဲ့ စစ်တပ်ကို ဦးဆောင်ခဲ့တာက သူသာလျှင် ဖြစ်တဲ့အကြောင်း အားလုံးကို ကာကွယ်ပေးပြီး အားလုံးအတွက် တာဝန်ခံမယ်လို့ ပြောဆိုခဲ့တဲ့အကြောင်း ဒူတာတေးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာနဲ့ အကြံပေးရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ တင်ထားတဲ့ ဗီဒီယိုဖိုင်မှာ ပြောဆိုထားပါတယ်။
အဲဒါက ကျွန်တော့်အလုပ်ပဲ၊ ကျွန်တော် တာဝန်ခံတယ်လို့ ရဲနဲ့ စစ်တပ်ကို ကျွန်တော် ပြောခဲ့ပါတဲ့အကြောင်း သည်ဟေ့ခ်မြို့ အခြေစိုက် ICC သို့ ပို့ဆောင်ခံရတဲ့ အာရှတိုက်ရဲ့ ပထမဆုံး နိုင်ငံခေါင်းဆောင်ဟောင်းက ပြောကြားလိုက်တာပါ။
ရိုတာဒမ်မြို့သို့ ပုဂ္ဂလိကလေယာဉ်နဲ့ ဆိုက်ရောက်လာပြီးနောက် အသက် ၇၉ နှစ်အရွယ် ဒူတာတေးကို တရားရုံးအချုပ်ခန်းမှာ ဖမ်းဆီးထားတယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အတည်ပြုထားပါတယ်။

ဒူတာတေးကို တင်ဆောင်လာတယ်လို့ ယုံကြည်ရတဲ့ ကားတစ်စီး သည်ဟေ့ဂ်မြို့ရှိ ICC ထိန်းသိမ်းရေး စင်တာသို့ ဝင်ရောက်သွားချိန်မှာ သူ့ကို ထောက်ခံသူတွေက ဖိလစ်ပိုင်အလံတွေ ကိုင်ဆောင်ပြီး ပြန်လွှတ်ပေးဖို့ အော်ဟစ် တောင်းဆိုခဲ့ကြပါတယ်။
ဒူတာတေးကို လာမယ့် ရက်ပိုင်းအတွင်း ကနဦး ရုံးတင် စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ မျှော်လင့်ရပြီး အဲဒီအချိန်အထိ အချုပ်ခန်းထဲ နေရမှာ ဖြစ်ပါတယ်။
ဒူတာတေး ဦးဆောင်တဲ့ မူးယစ်ဆေးဝါး နှိမ်နှင်းမှုတွေအတွင်း သေဆုံးသွားသူတွေအတွက် ရှေ့နေလိုက်ပေးနေသူက မိမိရဲ့ အမှုသည်တွေဟာ သူတို့ရဲ့ ဆုတောင်းအတိုင်း ဖြစ်လာတာကြောင့် ဘုရားသခင်ကို ကျေးဇူး တင်နေကြတယ်လို့ ပြောပါတယ်။
သမ္မတအဖြစ် ၆ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့တဲ့ ကာလအတွင်း ဒူတာတေးဟာ မူးယစ်ဆေးဝါး နှိမ်နှင်းရေး ခေါင်းစဉ်နဲ့ ရဲတပ်ဖွဲ့ လက်ချက်ကြောင့် သံသယရှိသူ ၆၂၀၀ ကျော် သေဆုံးခဲ့ရပါတယ်။
ဒူတာတေးရဲ့ သမီး ဖြစ်သူ လက်ရှိ ဖိလစ်ပိုင် ဒုသမ္မတ ဆာရာဒူတာတေးလည်း ပြည်တွင်းမှာ စွဲချက်တွေ အများကြီးနဲ့ ရင်ဆိုင်နေရပါတယ်။
Ref:Agencies