ရေး၊ ဖေဖော်ဝါရီ ၂
မွန်ပြည်နယ်ရေးမြို့ရှိ ရေးမြို့မရဲစခန်းမှာ အချိန်နှစ်နာရီကျော်အကြာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအ တွင်း ရဲတပ်ဖွဲ့ဝင်သုံးဦးသေဆုံးပြီး စခန်းမှူးဖြစ်သူ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွေအပါ အဝင် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။
ဖေဖော်ဝါရီ ၉ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့တဲ့ ဒီပစ်ခတ်မှုဟာ ရေးမြို့မရဲစခန်းက ဒုရဲအုပ်နိုင်လွင်ဦး ဦးဆောင်တဲ့အဖွဲ့က အချုပ်ခန်းအတွင်းရှိ အချုပ်သားတွေကို ထမင်းပုံးသွားရောက် ပို့ဆောင်စဉ် သေနတ်လုယက်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။
အဲဒီပစ်ခတ်မှုအတွင်း ဒုရဲအုပ်နိုင်လွင်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင်သုံးဦးဟာ အချုပ်ခန်းအတွင်းမှာ သေဆုံးခဲ့ပြီး စခန်းမှူးဖြစ်သူ ဒုရဲမှူးမြင့်ဦးက စိုးရိမ်ဒဏ်ရာကြောင့် မော်လမြိုင်ပြည်သူ့ဆေးရုံထံ ပို့ဆောင်ထားတယ်လို့ ရဲတပ်ဖွဲ့ဝင်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အချုပ်သားတွေ သေနတ်လုယက်ပစ်ခတ်မှု ဖြစ်စဉ်အတွင်း အချုပ်သားလေးဦး ထွက်ပြေးလွတ် မြောက်သွားပြီး အချုပ်သားသုံးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပေမယ့် ရဲတပ်ဖွဲ့ဘက်က ဆေးရုံကို ပို့ဆောင်ပေးခြင်းမရှိဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဝါဒဖြန့်ချန်နယ်တွေမှာတော့ ဒီပစ်ခတ်မှုအတွင်း သေနတ်လုယက် ခုခံခဲ့တဲ့ အ ချုပ်သားတွေဟာ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ လက်နက်ချ အညံ့ခံခဲ့တယ်လို့ ရေးသားဖော်ပြတာတွေ ရှိနေပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ ထွက်ပြေးလွတ်မြောက်သွားတဲ့ အချုပ်သားလေးဦးကို မြို့အဝင်အထွက် နေရာတွေအပြင် မြို့အနှံ့ ပိုက်စိပ်တိုက် ရှာဖွေမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ရေးမြို့မရဲစခန်းက အချုပ်သားတွေ သေနတ်လုယက် ပစ်ခတ်ထွက်ပြေးသွားတဲ့ ဖြစ်စဉ်နဲ့ ပတ် သက်ပြီး စစ်ကောင်စီဘက်က လက်ရှိအချိန်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေး ပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

