နေပြည်တော် ၊ ဖေဖော်ဝါရီ ၂

နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ် နောက်ထပ် ၆ လ သက်တမ်းတိုးယူမှုနဲ့အတူ စစ်ကောင် စီ အဖွဲ့ဝင်တွေကို ပြင်ဆင်ဖွဲ့စည်းပြီး ဝန်ကြီးတချို့ကိုလည်း ရာထူးကနေ အပြောင်းအလဲလုပ်လာပါတယ်။

ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေထဲမှာ ၁၆ ဦးသာပါဝင်ပြီး ဦးရွှေကြိမ်းနဲ့ ဦးရန်ကျော်တို့ကို အဖွဲဝင်အဖြစ်ကနေ ဖယ်ရှားကာ ဗဟိုအကြံပေးအဖွဲ့ဝင်တွေအဖြစ် ခန့်အပ်ထားတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို နယ်စပ်ရေးရာဝန်ကြီးအဖြစ် ပြောင်းရွှေ့လိုက်ပြီး နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကိုတော့ ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ဟာ စစ်ကောင်စီရဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်တွေအ တွက် ဖွဲ့စည်းထားတဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်း‌ရေးကော်မတီ NSPNC ရဲ့ ဥက္ကဌ တာဝန်ယူထားသူပါ။

ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီး ဒေါက်တာ သက်သက်ခိုင်အပါအဝင် အလုပ်သမားဝန်ကြီး ဦးမြင့်‌နောင်၊ အားကစားနဲ့ လူငယ်ရေးရာဝန်ကြီး ဦးမင်းသိန်းဇံနဲ့ ပညာရေး ဒုဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်းတို့ကို တာဝန်ကနေ ထုတ်ပယ်ခဲ့ပါတယ်။

လေကြောင်းရန်ကာကွယ်ရေးတပ်ကနေ CDM ပြုလုပ်ထားတဲ့ တပ်ကြပ်ကြီးဇေယျက အခြေ အ နေတွေ ဆိုးရွားလာတဲ့အချိန်မှာ စစ်ခေါင်းဆောင်ကိုယ်တိုင် ခန့်အပ်ထားတဲ့သူတွေကို ယုံကြည်မှု ကင်းမဲ့လာတာလို့ ပြောပါတယ်။

“ယုံတာတော့ သူအခုလိုမျိုး အခြေအနေတွေ ဆိုးရွားတဲ့အချိန်မှာ ပိုပြီးသူ့လူတွေကို ယုံကြည်မှု ကင်းမဲ့နေတာပေါ့။ နောက်ပြီးတော့ အရှုံးတွေအပေါ်မှာ ဟိုလူ့လွှဲချဒီလူ့ လွှဲချဆိုတဲ့ပုံစံမျိုးနဲ့ ကိုယ်အသုံးမကျတာ မမြင်ဘဲနဲ့ တခြားလူကိုပဲ လွှဲချတဲ့ပုံစံမျိုး ဖြစ်လာတယ်”လို့ ဆိုပါတယ်။

သုတေသနအဖွဲ့အစည်းဖြစ်တဲ့ ISP – Myanmar ရဲ့ အချက်အလက်တွေအရ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူ့အနီးနားက စစ်တပ်ထိပ်ပိုင်းနေရာတွေကို လေးနှစ်အတွင်း ၂၆ ကြိမ်ထက်မနည်း ပြောင်းလဲခဲ့ပါတယ်။

စစ်ဆင်ရေးအထူးအဖွဲ့မှူးတွေကို ၁၃ ကြိမ်ထက်မနည်းပြောင်းခဲ့ပြီး အဲဒီအထဲမှာ နေပြည်တော်စစ်တိုင်းကို ကွပ်ကဲရတဲ့ စစ်ဆင်ရေးအထူးအဖွဲ့မှူး ကစထ-၆ ကို ငါးကြိမ်ပြောင်းလဲခဲ့တာပါ။

ထုတ်ပယ်ခံရသူတွေရဲ့နေရာမှာ ဦးကျော်စိုးဝင်းကို ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးအဖြစ် ခန့် အပ်ခဲ့ပြီး အလုပ်သမားဝန်ကြီးအဖြစ် ဦးချစ်ဆွေနဲ့ ပညာရေးဌာန ဒုဝန်ကြီးအဖြစ် ဦးနေမျိုးလှိုင်တို့ကို စစ်‌ကောင်စီ အစားထိုးခန့်အပ်ထားတာ တွေ့ရပါတယ်။

ဒါ့အပြင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး Jeng Peng နော်တောင်ကို အားကစားနဲ့လူငယ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပြီး နယ်စပ်စပ်ရေးဝန်ကြီး ဒုဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးကိုတော့ တိုင်း ရင်းသားလူမျိုးရေးရာဝန်ကြီးအဖြစ် အပြောင်းအလဲလုပ်ခဲ့ပါတယ်။

စစ်ကောင်စီအနေနဲ့ အာဏာသိမ်းလေးနှစ်အတွင်း သက်တမ်းတိုးယူပြီးချိန်တိုင်းမှာ ကောင်စီဝင်တချို့ကို ပြင်ဆင်ဖွဲ့စည်းပြီး အစိုးရအဖွဲ့ဝန်ကြီးတွေကို ရာထူးကနေဖယ်ရှားတာနဲ့ ပြောင်းလဲခန့်အပ်တာတွေ တောက်လျှောက်လုပ်ခဲ့တာပါ။

လက်ရှိ ပြင်ဆင်ဖွဲ့စည်းခဲ့တဲ့ စစ်ကောင်စီအဖွဲ့နဲ့ အစိုးရအဖွဲ့မှာတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ကတော့ နဂိုရယူထားတဲ့ ရာထူးအတိုင်း အ ပြောင်းအလဲ မရှိခဲ့ပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SAC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.