ဆိုးလ်၊ ဇန်နဝါရီ ၁၅

ရုရှားနိုင်ငံ အနောက်ပိုင်း ကာ့စ်ဒေသမှာ အခုသီတင်းပတ်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း မြောက်ကိုရီးယားစစ်သား တချို့ဟာ ဒဏ်ရာရထားပေမယ့် လက်နက် မချဘဲ အသေခံတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ယူကရိန်း စစ်တပ်အနေနဲ့ စိန်ခေါ်မှုအသစ်နဲ့ ရင်ဆိုင်နေရပါတယ်။

အဲဒီ တိုက်ပွဲအတွင်း ရုရှားဖက်က ကူတိုက်ပေးနေတဲ့ မြောက်ကိုရီးယား စစ်သား အလောင်း တစ်ဒါဇင်ကျော်ကို တွေ့ရှိခဲ့ပြီး ယူကရိန်း စစ်သားတွေက ဆက်လက် ရှာဖွေချိန် ဒဏ်ရာရထားပေမယ့် အသက်ရှင်နေသေးတဲ့ မြောက်ကိုရီးယား စစ်သားတစ်ဦးက အသေခံ ဗုံးခွဲခဲ့ကြောင်း ယူကရိန်း အထူးစစ်ဆင်ရေး တပ်ဖွဲ့က လူမှုမီဒီယာမှာ ဖော်ပြထားပါတယ်။

မိမိတို့ တပ်ဖွဲ့ဝင်တွေအနေနဲ့ အဲဒီ အသေခံ ဗုံးခွဲတိုက်ခိုက်မှုကနေ မထိခိုက်ဘဲ လွတ်မြောက်ခဲ့ကြောင်း ယူကရိန်း အထူးစစ်ဆင်ရေး တပ်ဖွဲ့က ပြောဆိုထားပါတယ်။

အဲဒီ ဖြစ်ရပ်နဲ့ ပတ်သက်လို့ ရိုက်တာ သတင်းဌာနက အတည်ပြုလို့ မရသေးဘူးလို့ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယား စစ်သားတွေအနေနဲ့ အဲဒီလို အသေခံ ဗုံးခွဲတိုက်ခိုက်တာတွေဟာ သူတို့ရဲ့ စရိုက်အတိုင်းပဲ ဖြစ်တယ်လို့ တောင်ကိုရီးယားရောက် မြောက်ကိုရီးယား စစ်သားဟောင်း တစ်ဦးက ဆိုပါတယ်။

စစ်တိုက်ဖို့ စေလွှတ်လိုက်တဲ့ စစ်သားတွေကို မြောက်ကိုရီးယားက အယူအဆတွေ ရိုက်သွင်းထားပြီး ဖြစ်တာကြောင့် သူတို့တွေဟာ ခေါင်းဆောင် ကင်ဂျုံအန်အတွက် အသက်စွန့်ဖို့ ဝန်မလေးသူတွေ ဖြစ်တယ်လို့ အဲဒီ မြောက်ကိုရီးယား စစ်သားဟောင်းက ပြောကြားခဲ့တာပါ။

ပြီးခဲ့တဲ့ နှစ်မှာ ယူကရိန်း တပ်တွေ အမှတ်မထင် ဝင်ရောက် သိမ်းပိုက်နိုင်ခဲ့တဲ့ ကာ့စ်ဒေသမှာ ရုရှားတပ်တွေကို ကူညီဖို့ မြောက်ကိုရီးယား စစ်သား ၁၁၀၀၀ ချထားတယ်လို့ ယူကရိန်းနဲ့ အနောက်တိုင်း ထောက်လှမ်းရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

မကြာသေးခင်ကလည်း ယူကရိန်းတပ်တွေက မြောက်ကိုရီးယား စစ်သား နှစ်ဦးကို အရှင်ဖမ်းမိခဲ့ပြီး ရုရှားမှာ ဖမ်းဆီးခံထားရတဲ့ ယူကရိန်း စစ်သားတွေနဲ့ လဲလှယ်ဖို့ အသင့်ရှိတယ်လို့ ကမ်းလှမ်းထားပါတယ်။

ရုရှားသို့ မြောက်ကိုရီးယား စစ်သားတွေ ချထားတယ်ဆိုတဲ့ သတင်းကို ကနဦးမှာ ရုရှားနဲ့ မြောက်ကိုရီးယားတို့က သတင်းအတု ဖြစ်တယ်ဆိုပြီး ပယ်ချခဲ့ပါတယ်။

ဒါပေမဲ့ မြောက်ကိုရီးယား စစ်သားတွေ ချထားမှုနဲ့ ပတ်သက်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြီးခဲ့တဲ့ အောက်တိုဘာက ငြင်းဆိုမှု မရှိသလို ဝန်ခံတာလည်း မရှိခဲ့ပါဘူး။

ရုရှားသို့ မြောက်ကိုရီးယား စစ်သားတွေ ချထားခဲ့ရင်လည်း တရားဝင် ချထားမှုပဲ ဖြစ်လိမ့်မယ်လို့ မြောက်ကိုရီးယား အရာရှိ တစ်ဦးက ဆိုပါတယ်။

မြောက်ကိုရီးယား စစ်သားတွေအဖို့ ရန်သူ့ဆီမှာ ဖမ်းဆီးခံရရင် နိုင်ငံတော် သစ္စာဖောက်မှု မြောက်တယ်လို့ တောင်ကိုရီးယားရောက် မြောက်ကိုရီးယား စစ်သားဟောင်းတွေက ပြောကြားထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.