ဘန်ကောက်၊ ဇန်နဝါရီ ၁၅
သက်ကြီးရွယ်အိုတွေအတွက် ဘတ် တစ်သောင်း ပေးဝေရေး အစီအစဉ် ဒုတိယအသုတ်ကို မူလ စီစဉ်ထားတာထက် နှစ်ရက်စောပြီး ဇန်နဝါရီ ၂၇ ရက်မှာ စတင်သွားမှာ ဖြစ်ကြောင်း ထိုင်း ဘဏ္ဍာရေးဝန်ကြီး ပီချိုင် ချွန်ဟာဗာဂျီရာက ကြေညာပါတယ်။
အခု ဒုတိယအသုတ်မှာတော့ အသက် ၆၀ နှစ်နဲ့အထက် သက်ကြီးရွယ်အို ၃ ဒသမ ၅ သန်းကနေ ၄ သန်းအထိ ပါဝင်ဖို့ မျှော်လင့်ထားပြီး အစိုးရရဲ့ PromptPay အက်ပလီကေးရှင်းကတစ်ဆင့် လက်ခံရရှိမှာ ဖြစ်ပါတယ်။
အခုလိုမျိုး စီးပွားရေး နှိုးဆွမှု အစီအစဉ်ကို ဘတ်ငွေ ၅၀၀ ဘီလီယံ သုံးပြီး အသက် ၁၆ နှစ်နဲ့အထက် ထိုင်းနိုင်ငံသား အားလုံး ပါဝင်နိုင်ဖို့ မူလက စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ရန်ပုံငွေ အလွန်အကျွံ သုံးစွဲမှုနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေကြောင့် ဝင်ငွေအပေါ် အခြေခံတဲ့ သတ်မှတ်ချက်တွေကို မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။
ဒီအစီအစဉ်မှာ ပါဝင်ခွင့်ရရေး သတ်မှတ်ချက်အနေနဲ့ နှစ်စဉ် ဝင်ငွေ ဘတ် ၈၄၀,၀၀၀ ထက် မပိုသူတွေ စုစုပေါင်း ဘဏ်အပ်ငွေ ဘတ် ၅၀၀,၀၀၀ ထက် မပိုသူတွေ ဖြစ်ဖို့ လိုအပ်ပါတယ်။
အဲဒီ သတ်မှတ်ချက်တွေကြောင့် ငွေ လက်ခံရရှိမယ့်လူ အရေအတွက် သန်း ၅၀ သို့ လျော့ကျသွားခဲ့ပြီး ပြည်သူ ၉၀ ရာခိုင်နှုန်း ဒါမှမဟုတ် ၄၅ သန်း ပါဝင်မယ်လို့ ထိုင်းအစိုးရက မျှော်မှန်းထားတာပါ။
အစိုးရရဲ့ အက်ပလီကေးရှင်းကတစ်ဆင့် မှတ်ပုံတင်ထားပြီး ဖြစ်ပေမယ့် ငွေကြေး မရရှိသေးသူတွေ အနေနဲ့ ဧပြီလမှာ စတင်ဖို့ မျှော်လင့်ထားတဲ့ တတိယအသုတ်မှာ လက်ခံရရှိမှာ ဖြစ်ကြောင်း ကြေညာထားပါတယ်။
သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ သက်ကြီးရွယ်အိုတွေအနေနဲ့ ဇန်နဝါရီ ၂၉ ရက်ထက် နောက်မကျဘဲ ဘတ် တစ်သောင်းစီ လက်ခံရရှိမှာ ဖြစ်ကြောင်း ထိုင်းအစိုးရက အရင်ကတည်းက အတည်ပြု ကြေညာထားပြီး ဖြစ်ပါတယ်။
ဘတ် တစ်သောင်းစီ ပေးဝေရေး အရင်က စီစဉ်ထားခဲ့တဲ့ရက်စွဲဟာ ဒေသဆိုင်ရာ ရွေးကောက်ပွဲ ကျင်းပချိန်နဲ့ တိုက်ဆိုင်နေတာကြောင့် လူထုအမြင်အပေါ် လွှမ်းမိုးအောင် လုပ်ဆောင်မှု ဖြစ်တယ်လို့ ထင်မြင် ယူဆကြမှာ ဖြစ်တဲ့အတွက် ရက်စွဲ ပြောင်းလဲခဲ့ပြီးမှ အခုလို နှစ်ရက်စောပြီး ပေးဝေတာ ဖြစ်ပါတယ်။
ထိုင်းအစိုးရဟာ လူထု ထောက်ခံမှု ရရှိနိုင်ဖို့ အစိုးရရန်ပုံငွေတွေကို အသုံးချနေတယ်ဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတာလည်း ဖြစ်ပါတယ်။
Ref: TheThaiger/Bangkokpost