နယူးယောက်၊ နိုဝင်ဘာ ၁၁
ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်မှာ ဒေါ်နယ်ထရန့်နဲ့ ဗလာဒီမာ ပူတင်တို့ဟာ ဖုန်းနဲ့ ဆက်သွယ်ပြီး ယူကရိန်းစစ်ပွဲ အခြေအနေကို ဆွေးနွေးခဲ့ကြတယ်လို့ အဲဒီ ကိစ္စနဲ့ နီးစပ်သူတွေကို ကိုးကားပြီး Washington Post က နိုဝင်ဘာ ၁၀ ရက်မှာ ဖော်ပြပါတယ်။
အမေရိကန် သမ္မတရွေးကောက်ပွဲ အနိုင်ရထားသူ ထရန့်က ယူကရိန်း စစ်ပွဲကို အရှိန်မြင့်တက်လာအောင် မလုပ်ဖို့ ရုရှားသမ္မတထံ အကြံပြုပြီး ဥရောပမှာ ဝါရှင်တန်ရဲ့ စစ်အင်အား အများအပြား ရှိနေတယ်လို့ သတိပေးခဲ့ကြောင်း Washington Post က ရေးပါတယ်။

မဲဆွယ်ကာလအတွင်း ထရန့်က ယူကရိန်းစစ်ပွဲကို ၂၄ နာရီ အတွင်း အဆုံးသတ်အောင် လုပ်ဆောင်မယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ အကြီးမားဆုံး ဖြစ်ပွားနေတဲ့ စစ်ပွဲကို သူဘယ်လို အဆုံးသတ်အောင် လုပ်နိုင်သလဲ ဆိုတာကိုတော့ ထုတ်မပြောခဲ့ပါဘူး။
ဒေါ်နယ်ထရန့်ဟာ နိုဝင်ဘာ ၆ ရက်မှာ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ ဆွေးနွေးခဲ့ပြီးနောက် ဆက်တိုက်ဆိုသလိုပဲ သမ္မတ ပူတင်နဲ့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

မကြာမီ ဒေါ်နယ်ထရန့် အိမ်ဖြူတော်ဆီ ရောက်လာမယ့် အခြေအနေမှာ နေတိုး အဖွဲ့ဝင်နိုင်ငံတွေကြား အမေရိကန်ရဲ့ မဟာမိတ်အပေါ် ရပ်တည်ပုံတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။
နောက်ပြီး အမေရိကန်ရဲ့ စစ်ရေးအကူအညီ အများကြီး ရရှိနေတဲ့ ယူကရိန်းဟာလည်း သမ္မတဖြစ်လာတော့မယ့် ထရန့်လက်ထက်မှာ အခြေအနေတွေ ပြောင်းပြန် ဖြစ်သွားမှာကို စိုးရိမ်နေပါတယ်။
ယူကရိန်းအရေး ထရန့်နဲ့ ဆွေးနွေးဖို့ ပူတင်က အသင့်ရှိနေပေမယ့် ကရင်မလင်ရဲ့ တောင်းဆိုထားမှုတွေကို ပြောင်းလဲဖို့တော့ မရှိဘူးလို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားထားပါတယ်။
ပူတင်က ယူကရိန်း ငြိမ်းချမ်းရေးအတွက် သူ့ရဲ့ သတ်မှတ်ချက်တွေကို ဖော်ပြထားပြီး ယူကရိန်းအနေနဲ့ နေတိုးအဖွဲ့ဝင် ဖြစ်ရေး ကြိုးပမ်းမှု အဆုံးသတ်ရမှာ ဖြစ်ပြီး မိမိတို့ သိမ်းပိုက်ထားပြီး ဖြစ်တဲ့ ဒေသလေးခုကနေ ယူကရိန်းတပ်အားလုံး ဆုတ်ခွာရေး တောင်းဆိုထားပါတယ်။
ထရန့်ဟာ ရွေးကောက်ပွဲ အနိုင်ရပြီးနောက် ပူတင်အပြင် ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ် ရှူး၊ တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုလ် တို့နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ထားပါတယ်။
ယူကရိန်းအနေနဲ့ အနိုင်ရရေး ရည်မှန်းဖို့ထက် ငြိမ်းချမ်းရေး ရရှိရေးကိုသာ ပိုမို အာရုံစိုက်သင့်တယ်လို့ ထရန့်ရဲ့ အကြီးတန်း နိုင်ငံရေး အကြံပေး ဘရိုင်ယန် လန်ဇာက ပြောထားပါတယ်။
ဒါကြောင့် ယူကရိန်း အနေနဲ့ ငြိမ်းချမ်းရေး ယူဖို့ ကြိုးပမ်းမယ်ဆိုရင် ခရိုင်းမီးယား အပါအဝင် လက်ရှိ ရုရှား သိမ်းပိုက်ထားပြီး ဖြစ်တဲ့ နယ်မြေ အားလုံးကို လက်လွှတ်ပေးရဖို့ ရှိနေပါတယ်။
Ref:The Guardian

