ဒက်ထရွိုက်၊ သြဂုတ် ၈
ဒေါ်နယ်ထရန့်သာ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ရင် ငြိမ်းငြိမ်းချမ်းချမ်း ဝန်ခံလိမ့်မယ်လို့ မိမိအနေနဲ့ အယုံအကြည် မရှိဘူးလို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားလိုက်ပါတယ်။
သူနဲ့ ယှဉ်ပြိုင်ရမယ့် ဒုသမ္မတ ကာမယ်လာ ဟားရစ်က ဒေါ်နယ်ထရန့်သာ ရွေးကောက်ပွဲ အနိုင်ရခဲ့ရင် အမေရိကန်နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်တွေကို တားဆီးမယ့် ဥပဒေမဲ့ အစိုးရတစ်ရပ် ထွက်ပေါ်လာလိမ့်မယ်လို့ ပြောကြားထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ လိမ်လည်ဖို့ ကြိုးပမ်းတယ်ဆိုတဲ့ စွဲချက် အမျိုးမျိုးအတွက် သမ္မတဟောင်း ထရန့်ဟာ နှစ်ကြိမ် စွပ်စွဲခံခဲ့ရပြီး နှစ်ကြိမ် စွဲချက်တင်ခံခဲ့ရပါတယ်။
သူက ရှုံးနိမ့်ကြောင်း ဝန်မခံသေးဘဲ ၂၀၁၆ ခုနှစ်က မဲပေးသူတွေကို လှည့်စားဖို့ နှုတ်ပိတ်ခ ငွေပေးမှုနဲ့ ပတ်သက်ပြီး ပြစ်မှုကြီး ၃၄ မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ကျယ်ပြန့်တဲ့ လိမ်လည်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ သူ့ရဲ့ ပြောဆိုမှုကြောင့် လွှတ်တော်ကို စီးနင်းမှု ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
ထရန့်ဟာ ပထမဆုံးနေ့ကတည်းက အာဏာရှင် တစ်ယောက် ဖြစ်လာဖို့ ကြွေးကြော်ထားပြီး တရားရေးဌာနကို လက်နက်လို အသုံးချပြီး သူ့ရဲ့ နိုင်ငံရေး ပြိုင်ဖက်တွေကို နှိမ်နှင်းမယ်လို့ ပြောဆိုထားကြောင်း သူနဲ့ သမ္မတနေရာအတွက် ယှဉ်ပြိုင်ရမယ့် ဒုသမ္မတ ဟားရစ်က ပြောကြားပါတယ်။

အမေရိကန်နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်း ပစ်ရမယ်လို့ ပြောဆိုထားသူ တစ်ယောက်အနေနဲ့ အမေရိကန်ရဲ့ သမ္မတ ဖြစ်လာဖို့ ထပ်ပြီး ရွေးကောက်ပွဲဝင်ခွင့် မရသင့်ဘူးလို့ ဟားရစ်က ပြောပါတယ်။
ဒေါ်နယ်ထရန့်ကိုသာ သမ္မတ တာဝန် ထမ်းဆောင်ခွင့် ပြုခဲ့မယ်ဆိုရင် အမေရိကန်နိုင်ငံဟာ နောက်ကြောင်း ပြန်သွားလိမ့်မယ်လို့လည်း ဟားရစ်က ပြောပါတယ်။
နောက်ဆုံး ကောက်ယူထားတဲ့ စစ်တမ်းတွေအရ လောလောဆယ်မှာ ဟားရစ်က ဒေါ်နယ်ထရန့်ကို ၃ ရာခိုင်နှုန်း အသာနဲ့ ဦးဆောင်ထားတာတွေ့ရပါတယ်။
Ref:AFP

