ဘန်ကောက်၊ သြဂုတ် ၈

ထိုင်းနိုင်ငံမှာ လူကြိုက်များတဲ့ ပြုပြင်ပြောင်းလဲရေး Move Forward ပါတီ ဖျက်သိမ်းဖို့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အီးယူ၊ အမေရိကန်၊ ကုလနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ပြစ်တင် ရှုတ်ချလိုက်ကြပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက နိုင်ငံတွင်းမှာ လူကြိုက် အများဆုံး နိုင်ငံရေးသမား ဖိထာ အပါအဝင် ပါတီရဲ့ အကြီးတန်း နိုင်ငံရေးသမား ၁၁ ဦးကိုလည်း နိုင်ငံရေးလောကကနေ ၁၀ နှစ် ပိတ်ပင်လိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်က အထွေထွေရွေးကောက်ပွဲမှာ အသက် ၄၃ နှစ်အရွယ် ဖိထာ ဦးဆောင်တဲ့ Move Forward ပါတီဟာ ထိုင်းနိုင်ငံရဲ့ တင်းကြပ်လွန်းတဲ့ ဘုရင့်နန်းတော်စော်ကားမှု ဆိုင်ရာ ဥပဒေကို ပြုပြင်ပြောင်းလဲရေး ကတိနဲ့အတူ မဲအများဆုံး အနိုင်ရရှိခဲ့ပါတယ်။

ဝန်ကြီးချုပ် ဖြစ်လာရေး သူ့ရဲ့ ကြိုးပမ်းမှုကို လွှတ်တော်တွင်းရှိ ရှေးရိုးစွဲကွန်ဆာဗေးတစ်တွေက တားဆီးခဲ့ကြပါတယ်။

တရားရုံးရဲ့ ဆုံးဖြတ်ချက်က ထိုင်းနိုင်ငံမှာ ဒီမိုကရေစီ ပွင့်လင်းမှုကို အန္တရာယ် ကျရောက်စေတယ်လို့ ဥရောပသမဂ္ဂ (အီးယူ) က ပြောပါတယ်။

တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ အားကောင်းတဲ့ ဒီမိုကရေစီ အနာဂတ်အတွက် ထိုင်းနိုင်ငံသားတွေရဲ့ ပြင်းပြတဲ့ ဆန္ဒကို တားဆီးလိုက်တာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သရူး မစ်လာက ပြောပါတယ်။

ဒါက ထိုင်းနိုင်ငံရှိ လူကြိုက်များမှုနဲ့ ဒီမိုကရေစီအတွက် အသင်းအဖွဲ့တွေရဲ့ အခြေခံ လွတ်လပ်ခွင့်နဲ့ သဘောထား ဖော်ပြခွင့် အတွက် ဆုတ်ယုတ်မှု တစ်ခု ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖာရင် ဟက်က သတင်းထောက်တွေကို ပြောကြားပါတယ်။

ဒီအတောအတွင်း ဘန်ကောက်မြို့ရှိ Move Forward ပါတီ ဌာနချုပ်ရှေ့မှာ ထောက်ခံသူ ဒါဇင်ပေါင်းများစွာက ပါတီ အမှတ်အသား ဖြစ်တဲ့ အဝါရောင် ရှပ်အင်္ကျီတွေ ဝတ်ဆင်ပြီး စုဝေးခဲ့ကြပါတယ်။

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်း ပါတီပေါင်း ၃၃ ခု ဖျက်သိမ်းခံခဲ့ရပြီး နိုင်ငံရဲ့ တရားရေးစနစ်ကို လက်နက်သဖွယ် အသုံးမချကြဖို့ ဖိထာက ပြောကြားထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.