မြန်မာစစ်ကောင်စီနဲ့ ဘင်္ဂလားဒေ့ရှ် အကျဉ်းသားလဲလှယ်

0
19

ရန်ကုန်၊ဧပြီ ၂၇

နှစ်နိုင်ငံကြား သဘောတူညီမှုရရှိပြီးနောက် မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားငါးဖမ်းသမား ၁၇၃ ဦးနဲ့ တိုက်ပွဲအတွင်း ထွက်ပြေးသွားတဲ့ စစ်ကောင်စီနယ်ခြား စောင့်တပ်ဖွဲ့ဝင် ၂၈၈ ဦးကို လဲလှယ်လိုက်တယ်လို့ သိရပါတယ်။

မြန်မာရေတပ်သင်္ဘော ချင်းတွင်းပေါ်မှာ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားတွေကို တင်ဆောင်လာခဲ့ပြီး သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို အဲဒီသင်္ဘောနဲ့ပဲ ပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ပြောပါတယ်။

စစ်ကောင်စီပြန်ခေါ်ဆောင်သွားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ရခိုင်မှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ဝင်ရောက် ထွက်ပြေးသွားသူတွေဖြစ်တယ်လို့ သိရပါတယ်။

အဲဒါဟာ လများစွာအတွင်း မြန်မာနိုင်ငံကနေ စစ်ကောင်စီတပ်သားတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ဒုတိယအကြိမ် ထွက်ပြေးမှုဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကတော့ ဘင်္ဂလားဒေ့ရှ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၀ ကို ပြန်လွှဲပြောင်းပို့ဆောင်ခဲ့ပေမယ့် မြန်မာဘက်က လွှဲပြောင်းပေးသူမရှိခဲ့ပါဘူး။

အခုတစ်ကြိမ်မှာတော့ ဘင်္ဂလားဒေ့ရှ်အရာရှိတွေက မြန်မာနိုင်ငံမှာ ထောင်ချခံနေရတဲ့ သူတို့ရဲ့ နိုင်ငံသားတွေကို ပြန်ခေါ်လိုတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်တက်ကြွလှုပ်ရှားသူတချို့က ငါးဖမ်းသမားတွေကို အစောကြီးတည်းက ပြန်လွှတ် ပေးသင့်ကြောင်းနဲ့ မြန်မာစစ်သားတွေနဲ့ လဲလှယ်စရာမလိုဘူးလို့ ပြောဆိုနေကြပါတယ်။

မြန်မာရေပိုင်နက်ထဲဝင်ရောက်လာတဲ့ ငါးဖမ်းသမားတွေကို ရေတပ်ကဖမ်းဆီးပြီး တရားမဝင် ငါးဖမ်းမှုအတွက် ထောင်ဒဏ် ၅ နှစ်နဲ့ တရားမဝင် ဝင်ရောက်မှုအတွက် ထောင်ဒဏ် ၇ နှစ် စုစုပေါင်း ၁၂ နှစ်ချမှတ်လေ့ရှိတယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးဌာနက မိမိတို့အနေနဲ့ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ နယ်ခြားစောင့် တပ်ဖွဲ့ ဝင်တွေကို လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ခိုလှုံခွင့်ပေးခဲ့တာဖြစ်ပြီး မြန်မာစစ်ပွဲမှာ ပါဝင်လိုတဲ့ ဆန္ဒမရှိဘူးလို့ ပြောထားပါတယ်။

Ref:VOA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.