မြန်မာ့ငြိမ်းချမ်းရေးအစီအစဉ် ထိုင်းအဆိုပြု

0
27

ဘန်ကောက်၊ဧပြီ ၂၇

ထိုင်းအစိုးရက မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားရေးနဲ့ ငြိမ်းချမ်းရေးအတွက် အရင်အတိုင်း ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် အာဆီယံအဖွဲ့ဝင် ၃ နိုင်ငံနဲ့အထက် ပါဝင်ကြိုးပမ်းသင့်တယ်လို့ အဆိုပြုထားပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုအပါအဝင် နိုင်ငံ ၃ နိုင်ငံက မြန်မာအရေးဖြေရှင်းရေး ဦးဆောင်ကြိုးပမ်းသင့်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ဆိုခဲ့တာပါ။

သူက အင်ဒိုနီးရှား၊မလေးရှားနဲ့ လာအိုနိုင်ငံတို့ကို ဆိုလိုတာဖြစ်ပြီး တခြားအဖွဲ့ဝင်တွေအနေနဲ့ မြန်မာ့အရေး ကြားဝင်ဖြေရှင်းပေးလိုတဲ့ နိုင်ငံတွေကို ဆိုလိုတာဖြစ်တယ်လို့ ပြောပါသေးတယ်။

ဒါ့အပြင် စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ကြားဝင်ညှိနှိုင်းရေး အသင့်ရှိတယ်လို့ ဆိုထားသလို မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလည်း လက်ခံကျင်းပသွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။

ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီဘက်က ရပ်တည်မှာမဟုတ်သလို တော်လှန်ရေး အင်အားစုတွေ ဘက်ကလည်း ရပ်တည်မှာမဟုတ်ဘူးလို့ဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံသာမဟုတ်ဘဲ တခြားနိုင်ငံတွေအပေါ်လည်း သက်ရောက်မှုရှိတယ်လို့ ပြောထားပါတယ်။

လက်ရှိမှာတော့ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အကန့်အသတ်တွေရှိနေပေမယ့် ယာယီသဘောသာဖြစ်တယ်လို့ဆိုထားပြီး မြန်မာနိုင်ငံက ခိုလှုံလာသူအများစုလည်း နေရပ်ပြန်သွားပြီဖြစ်တယ်လို့ ထိုင်းအရာရှိတွေက ပြောပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.