ဆိုးလ်၊ ဧပြီ ၁၂

တောင်ကိုရီးယားရွေးကောက်ပွဲမှာ နိုင်ငံရဲ့ အငြင်းပွားစရာ နိုင်ငံရေးသမားဖြစ်တဲ့ အတိုက်အခံခေါင်းဆောင် လီဂျေးမြွန်း အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။

သူ့ရဲ့ ဒီမိုကရက်တစ်ပါတီဟာ လွှတ်တော်ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့တာကြောင့် တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ယိုအနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်လာရနိုင်ပါတယ်။

ဘာမှမရှိတဲ့ အခြေအနေကနေ လူချမ်းသာဖြစ်လာခဲ့တဲ့ သူ့ရဲ့ဇာတ်လမ်းကို ပြောရင်း တောင်ကိုရီးယား နိုင်ငံရေးလောကမှာ ထိပ်ဆုံးနေရာကို ရောက်လာခဲ့တဲ့ စက်ရုံအလုပ်သမားဟောင်း လီဟာ ၂၀၂၂ သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ယွန်ကို နိုင်ငံ့ရာဇဝင်မှာ အကျဉ်းမြောင်းဆုံးမဲ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် အခုတော့ သူလက်စားပြန်ချေဖို့ အနိုင်ရရှိခဲ့တာပါ။

သူ့ရဲ့ပါတီနဲ့ အပေါင်းအပါတွေဟာ အမျိုးသားလွှတ်တော်မှာ လူအများစုနေရာရလာမှာဖြစ်တဲ့အတွက် အစိုးရအနေနဲ့ မူဝါဒအသစ်တွေ ချမှတ်ရာမှာ အခက်အခဲတွေ ရှိလာနိုင်တယ်လို့ သိရပါတယ်။

သမ္မတရဲ့ တစ်ကြိမ်တည်း ငါးနှစ်ရာထူးသက်တမ်း ၂၀၂၇ မှာ ကုန်ဆုံးသွားပြီးနောက် သူဟာ သမ္မတ ရွေးကောက်ပွဲဝင်ပြိုင်မှာဖြစ်ပြီး တောင်ကိုရီးယား သမ္မတဖြစ်လာနိုင်ခြေရှိနေတယ်လို့ သိရပါတယ်။

သူ့ကိုထောက်ခံသူတစ်ယောက်အဖြစ် ဟန်ဆောင်ထားတဲ့ အမျိုးသားတစ်ဦးက ဇန်နဝါရီလအတွင်း လည်ပင်းကို ဓားနဲ့ထိုးတာခံခဲ့ရတဲ့ လီဟာ လက်ရှိသမ္မတကို ရွှေးကောက်ပွဲတွေက တဆင့် အပြစ်ပေးသွားမယ်လို့ ကြွေးကြော်ထားသူဖြစ်ပါတယ်။

မိမိအနေနဲ့ ဆင်းရဲမွဲတေမှုက ရုန်းထွက်နိုင်ခဲ့ပေမယ့် မိမိပတ်ဝန်းကျင်က လူတွေအများကြီး ဆင်းရဲမွဲနေတုန်းဖြစ်တာကြောင့် စနစ်ကို ပြောင်းလဲမယ်လို့ လီကကြွေးကျော်ထားပါတယ်။

သူဟာမြောက်ကိုရီးယားကို ဒေါ်လာ ၈ သန်းလွှဲပေးခဲ့တယ်ဆိုတဲ့ လုပ်ငန်းတစ်ခုနဲ့ ဆက်စပ်ပြီး လာဘ်ပေးလာဘ်ယူမှုနဲ့ စွဲချက်တင်ခံထားရသလို တခြားစွဲချက်တွေနဲ့ ရင်ဆိုင်နေရပေမယ့် သူ့အပေါ်တင်ထားတဲ့ စွဲချက်တွေဟာ နိုင်ငံရေးစေ့ဆော်မှုတွေ ပါဝင်နေတယ်လို့ လီက ပြောထားပါတယ်။

လီကို ဘေးထွက်နေဖို့ သူ့ပါတီတွင်းမှာတောင် တောင်းဆိုမှုတွေရှိနေပေမယ့် ရွေးကောက်ပွဲအနိုင်ရလိုက်တာကြောင့် ပါတီတွင်းက သူ့ကို သဘောမကျသူတွေရဲ့ အသံတိတ်သွားနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.