အစ္စရေးထိုးစစ်ကြောင့် ဂါဇာဒေသ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ပြတ်တောက်

0
368

ဂါဇာ၊အောက်တိုဘာ (၂၉)

အစ္စရေးထိုးစစ်ကြောင့် ဂါဇာကမ်းမြောင်ဒေသမှာ ဖုန်းနဲ့အင်တာနက်လိုင်းတွေ ပြတ်တောက် သွားပြီး ပြင်ပကမ္ဘာကို ဆက်သွယ်လို့ မရတော့တာဟာ ရက်စက်ကြမ်းကြုတ်မှုတွေကို ဖုံးကွယ် နိုင်တယ်လို့ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ မီဒီယာအဖွဲ့အစည်းတွေက သတိပေး လိုက်ပါတယ်။

ဂါဇာကမ်းမြောင်ဒေသတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး အစ္စရေးတပ်ဖွဲ့ရဲ့ မြေပြင်ထိုးစစ်ဆင်မှုနဲ့ ဗုံးကြဲတိုက်ခိုက်တွေအပြီးမှာတော့ ဂါဇာမှာရှိတဲ့ ပါလက်စတိုင်းသားတွေဟာ နယ်မြေအပြင် ဘက်ကို ဆက်သွယ်လို့ မရတော့တာပါ။

ပါလက်စတိုင်း တယ်လီကွန်းဝန်ဆောင်မှုပေးသူတစ်ဦးဖြစ်တဲ့ ဂျော်ဝဲလ်က ဂါဇာကမ်းမြောင်ကို အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြင်ပကမ္ဘာကို ဆက်သွယ်ဖို့ ကျန်ရှိနေတဲ့ နိုင်ငံတကာ လမ်းကြောင်း အားလုံး ပျက်စီးခဲ့တယ်လို့ အောက်တိုဘာ ၂၇ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသဟာ အင်တာနက်မရှိ၊ဖုန်းမရှိတော့တဲ့အတွက် အမှောင်ထဲရောက်သွားပြီး ပါလက်စတိုင်းသားတွေဟာ ဖြစ်ပျက်နေတဲ့အရာတွေကို ဖုံးကွယ်ချုပ်နှောင်ခံနေရတယ်လို့ အဲဒီနေရာမှာ သတင်းတင်ဆက်နေတဲ့ အေဂျေ သတင်းထောက်အီဘရာဟင်က ဆိုပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI ကလည်း ဆက်သွယ်ရေးရရှိမှု နည်းပါးတာဟာ အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင်ရာမှာ ပိုမိုစိန်ခေါ်မှုဖြစ်စေတယ်လို့ အသိပေးထားပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ နည်းပညာနဲ့ လူ့အခွင့်အရေးအကြီးတန်း သုတေသီ ဒဲလ်ဘိုရာ ဘရောင်းက ဒီလို အင်တာနက်တွေပြတ်တောက်မှုဟာ အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်မှုတွေကို ဖုံးကွယ်ပေးကာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးမယူနိုင်အောင် အထောက်အကူဖြစ်စေတယ်လို့ သတိပေးပါတယ်။

ဒါ့အပြင် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီကလည်း အင်တာနက်နဲ့ဖုန်းလိုင်းတွေ ပြတ်တောက်မှုကြောင့် သတင်းမှားတွေ ပျံ့နှံ့မှု အပါအဝင် ပြင်းထန်တဲ့ အကျိုးဆက်တွေဖြစ်ပေါ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

အစ္စရေးဟာ ဟားမတ်စ်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၄၀၀ ကျော် သေဆုံးထားပြီး အဲဒီတိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ ဂါဇာကို မရေတွက်နိုင်တဲ့ လေကြောင်းတိုက်ခိုက် မှုတွေပြုလုပ်ခဲ့တဲ့အတွက် ပါလက်စတိုင်းမှာ လူပေါင်း ၇၀၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ပါလက်စတိုင်း တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။

Ref: Aljazeera

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.