မုန်လိုင်ခက်စစ်ရှောင်စခန်း တိုက်ခိုက်မှု မွန်ပြည်တော်လှန်ရေးတပ် အပြင်းအထန်ရှုတ်ချ

0
624

ရေး၊ အောက်တိုဘာ ၁၂

ကချင်ပြည်နယ်၊လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းကို အာဏာသိမ်း စစ်ကောင်စီကနေ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုအပေါ် မွန်ပြည်တော်လှန်ရေးတပ် (MSRF) က အပြင်းအထန်ရှုတ်ချကြောင်း ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

ထုတ်ပြန်ချက်အရ အောက်တိုဘာ ၉ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးသူငယ် (လသားကလေး) အပါအဝင် အရပ်သားပြည်သူ ၃၀ ကျော် သေဆုံးပြီး ၅၀ ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တာပါ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းနိုင်ငံအနှံ့မှာ စစ်ကောင်စီက ပြည်သူတွေ အစုလိုက်အပြုံလိုက်သေစေခဲ့တဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုပေါင်းများစွာ ကျူးလွန်ခဲ့ပြီး ကချင်ပြည်နယ်အတွင်းမှာ အခုတစ်ကြိမ်ဟာ ဒုတိယကြိမ်တိုက်ခိုက်မှုဖြစ်ပါတယ်။

အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်ပြီး အာဆီယံနိုင်ငံတွေအပါအဝင် ကမ္ဘာ့နိုင်ငံတွေကလည်း အာဏာသိမ်းစစ်ကောင်စီကို အရေးယူမှုတွေ ပြုလုပ်ဖို့ လိုအပ်တယ်လို့ MSRF က တိုက်တွန်းပါတယ်။

အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်တာဟာ လူသားမျိုးနွယ်အပေါ် လူမဆန်တဲ့လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်ပြီး သူတို့လုပ်ရပ်အပေါ် တာဝန်ယူရမှာဖြစ်တယ်လို့ မွန်ပြည်တော်လှန်ရေးတပ်က ဆိုပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် (MSRF) အနေနဲ့ ဘဝတူအဖိနှိပ်ခံ တိုင်းရင်သားတွေ၊ စစ်အုပ်စုကို ဆန့်ကျင်တော်လှန်တိုက်ခိုက်နေကြတဲ့ ဒီမိုကရေစီတော်လှန်ရေးအင်အားစုတွေ ပြည်သူတွေနဲ့အတူ လက်တွဲပြီး ငြိမ်းချမ်းစစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းလာတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ သဘောထားထုတ်ပြန်ပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.